Friday, July 23, 2010

ပျော်ပျော်နေသေခဲ မော်တော်တွေရေထဲ

ကိုယ့်ကိုယ်ကိုယ် ပြဿနာထဲ ဆွဲထည့်နေပြန်ပြီ

အချိန်အခါ နေရာဒေသ မရွေး တင်နေတဲ့ ရန်ကြွေးကို လက်တုန့်ပြန်ဖို့

သစ်ပင်မြန်မြန်စိုက်၊ မသေခင် အရိပ်လည်းနေရ အခက်လည်းချိုးရ

မကြာခဏ ထထပေါက်နေတဲ့ ကားဗုံးတွေအတွက်

မကြာခဏ ထထလှုပ်နေတဲ့ မြေငလျင်တွေအတွက်

မကြာခဏ ထထတိုက်နေတဲ့ ဆိုင်ကလုန်းတွေအတွက်

ငါတို့မြို့ကြီးကတော့ စိုးရိမ်ပူပန်လို့

ငါတို့မြို့ကြီးကတော့ ပူလို့သေတော့မှာပဲ

လ္ဘက်ရည်ဆိုင်မှာ ဧည့်ခန်းဖွဲ့

ရေဒီယို နားထောင်ရင်း ကမ္ဘာပတ်၊ဂျာနယ်ဖတ်ရင်း အပန်းဖြေ

အင်တာနက်ဆိုင် သေးသေးလေးထဲကနေ ကမ္ဘာအကြီးကြီးကို ချောင်းကြည့်နေရရှာတဲ့

ငါတို့မြို့ကြီးကတော့ ကျွတ်ကျဲနေပါပြီ

ငါပျော်နေတဲ့အချိန် ငါ့မိသားစု၊ ငါ့ပတ်ဝန်းကျင်၊ ငါ့ဆွေမျိုး အသိုင်းအဝိုင်းတွေ ပျော်နေပါ့မလား

ငါပျော်နေတဲ့အချိန် ငါ့ချစ်သူ၊ ငါ့မုန်းသူ၊ ငါ့ရန်သူတွေ ပျော်နေပါ့မလား

ငါတို့ ဂြိုလ်ပြာကြီးကတော့ တဖြည်းဖြည်း ပျော်ပျော်ကျ

တာဝန်မဲ့ ရပ်ကွက်ထဲက ထွက်ပြေးသွားတဲ့ ဂျင်းဘောင်းဘီ အစုတ်တစ်ထည်လို

စိတ်ဓါတ် ပျက်ပြားနေတဲ့ တီရှပ်အနက် တစ်ထည်လို

ငါဟာ ရှုံးပွဲကို အချိန်ဆွဲကစားမိသူ နောက်တန်းသမား

သူဖုန်းစားလည်း လက်ညှိုးထိုးခံရ

သူရဲကောင်းလည်း လက်ညှိုးထိုးခံရ

ခုပဲ ရယ်နေလက်စကြီးနဲ့ မင်းမျက်ရည်ကျရပြန်ပြီ

ထူးထွေဆန်းပြား ငါတို့ဘဝကြီးပါလေ။


- မင်းစိုးရာ

၁၆.၇.၂၀၁၀

Thursday, July 1, 2010

ဒါဆိုရင်မုန့်လုံးကိုစက္ကူကပ်ကြပါစို့

လူတစ်ယောက်ရဲ့ ပါးကိုရိုက်ဖို့

ခင်ဗျားမှာ သတ္တိရှိပြီလား အခြားအရာတွေနဲ့ ရောနှောမထားရန်

ခြောက်သွေ့သော၊ သတ်မှတ်အပူချိန်၊ ပတ်ဝန်းကျင်နှင့် စိုထိုင်းဆ

အမျိုးအစားခွဲခြားထားပါ ကလေးငယ်တွေရဲ့ဝေးဝေးမှာ

ဆေးကိုအစာစားပြီးမှသောက်ရန်

ဆရာဝန်ညွှန်ကြားချက်အရ အိမ်ထောင်ပြုရန်/အမှိုက်ပစ်ရန်။


ပွဲမ၀င်ခင် အပြင်၌ ကျင်းပခဲ့ကြသော်လည်း

တကယ့်ပွဲကျ အိုးနင်းခွက်နင်း

သံလမ်းမှတ်တိုင် ဆင်း၍လမ်းလျှောက်ခဲ့ပါ

အဆောင်မှာ သူငယ်ချင်းတို့အတွက် Time Table ရှိသည်။


သစ်ပင်ခုတ်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသည်(ကမ္ဘာ)

ကွာခြားချက်ရှိပါသလား

ခင်ဗျားက အနားတိုးလာသော်လည်း အတိုးတွေက နားမသွား

ခြေသလုံးက ပြတ်သွားတဲ့ အကြောတွေလို

ဆင်းရဲမွဲတေမှုနေရာမှာ တခြားဘယ်အရာမှ အစားထိုးစရာ မရှိတော့ပြီ။

အင်အားကြီး ဥရုဂွေးအနေနဲ့ ၁၆သင်းအဆင့်ကို အလွယ်တကူထင်ခဲ့သော်လည်း

ကစားကွက် အသာစီးမရဘဲ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရသည်

ဘောလုံးပိုင်ဆိုင်မှုအသာ၊ စိတ်ဓါတ်ပိုင်းနှင့် အသင်းလိုက်စုစည်းမှု၊သက်လုံကောင်းမွန်သော်လည်း

အဆုံးသတ်မသေချာမှုကြောင့်

လေယာဉ်သည် တောင်ကိုရီးယားသို့ စောစီးစွာပျံသန်းခဲ့သည်။


မျက်ရည်ကျနေရပါသလား

တောင်အာဖရိကရနံ့နှင့်အာလူးကြော်

လှည်တန်း၌ညနေတိုင်း ညှော်နံ့ပြင်းထန်နေသည်။


ဤတွင်

နျူကလီးယားအစီအစဉ် ဖျက်သိမ်းရန်

ရင်သားခွဲစိပ်ပြုပြင်ရန်၊အလုပ်တစ်ခု အမြန်ဆုံးရရှိရန်

စသည် သတင်းများကို

ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ကိုယ်စားလှယ်အဖြစ် ကြေညာ၍

မချစ်လို့တော့ မဟုတ်ပါ

ပြင်းပြင်းထန်ထန် ဖျားနာနေသောကြောင့်

ကြက်စွပ်ပြုတ်ကို အနည်းငယ်သာ သောက်၍ တွဲလွဲရေ နေပါဦး

မိုးတောင်ကချုန်းလို့ပြီးပါပြီ။


မင်းစိုးရာ

Saturday, June 19, 2010

အခု ခင်ဗျားကြုံ / တွေ့နေတဲ့ ပြဿနာရဲ့ အစ

အစလေးတစ်စ အစင်းကြောင်းလေးတစ်ခု

သတ္တုဟာ အက်လာတယ်

အက်ရာလေးကိုကြောင်း/ကျောင်းပေးရင်း

အက်ကြောင်းရာလေး ဖြစ်လာတယ်

ရှေ့တိုးလာတယ် ရွေ့လာတယ်

တဖြည်းဖြည်း မှိန်ဖျော့လာတဲ့ အသားအရေမှာ

ဓါးခုတ်ရာလို ဆေးမင်ကြောင်ဟာ တဟုန်ထိုး

တဟုန်ထိုး ကြွလာတယ် ၊ လင်းလာတယ်

အစင်းကြောင်းတွေ တစ်ရစ်ချင်း တစ်လွှာချင်း

မြေဆီလွှာကို လွှာယူလိုက်ရင်

တေ့ဆက်လား ချိတ်ဆက်လား ကွဲကွဲပြားပြား

ကွဲပြားလာတဲ့ အသားအရောင်တွေ ကြားထဲမှာ

သတ္တုဟာ ချွန်မြလာပြီး သိမှုနယ်ပယ်ရဲ့ အတွင်းသားထဲ အထိ

စူးစမ်း

စူးနေတဲ့ အစလေးကို စမ်းလိုက်မိတဲ့အခါ

ဘာသာစကားဟာ တေ့ဆက်လား ချိတ်ဆက်လား

လှလိုက်တာလို့ မညည်းတွားဝံ့အောင် လှ

ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး

ဘာမှမဖြစ်ဘဲနဲ့တော့ ရပ်မသွားဘူး

ဘာမှမဖြစ်ဘဲနဲ့တော့ ဆက်မသွားဘူး

ဘာမှမဖြစ်ဘဲနဲ့တော့ TITANIC သင်္ဘောကြီး မြုပ်မသွားဘူး

ဓာတ်ပုံရိုက်ယူပြီး ပြတင်းပေါက်ကို ပိတ်လိုက်တယ်

အမြင်/အမျှင်ဟာ ပြတ်မသွားဘူး

အလျင်ဟာ ရပ်မသွားဘူး

တိမ်တွေ။ ။


မင်းစိုးရာ
10.6.2010

Saturday, May 1, 2010

ရွာလေးတစ်ရွာ ........ ကျောင်းတွေ ပြန်ဖွင့်ကုန်ပြီ အေးမိစံ

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း စတဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ 2008.မေလ၊ 2 ရက်နဲ့ 3 ရက်တွေမှာ ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ ခုဆို နှစ်နှစ် တိုင်ခဲ့ပါပြီ။
ဒါပေမယ့်လည်း မုန်တိုင်းဒဏ်သင့် ပြည်သူတွေနဲ့ မြန်မာပြည် တစ်ပြည်လုံးအတွက်ကတော့ ပြန်တွေးကြည့်တိုင်း ဒဏ်ရာဟာ အစိမ်းသက်သက်ပဲ ရှိနေဦးမှာပါ။
ဒီနေ့ နာဂစ် နှစ်နှစ်ပြည့် အမှတ်တရ အနေနဲ့ ကျွန်တော် ကဗျာဖန်တီးသူ တစ်ယောက်အနေနဲ့ မုန်တိုင်း တိုက်ခတ်ပြီး ၆ရက် အကြာလောက်မှာ ကြုံတွေ့ ကြားသိခဲ့ရတဲ့ ရင်နင့်ဖွယ် အဖြစ်အပျက် တစ်ခုကို
စာနာ မျှဝေစိတ်နဲ့ ရေးသားဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်နဲ့ အတူ ၊နာဂစ်မှာ ကြေကွဲရင်နာဖွယ် ပျောက်ကွယ်သွားခဲ့ရတဲ့ ချစ်သူကျောင်းဆရာမလေး အကြောင်း ရေးထားတဲ့ အစ်ကို သူရနီရဲ့ ကဗျာတစ်ပုဒ်ကို
အမှတ်တရ တင်ဆက်ပေးလိုက်ပါတယ်။


ရွာလေးတစ်ရွာ


မေ့လျော့မှုတွေဟာ
ငါတို့ သမိုင်းကို ကြမ်းရိုင်းစေတာပဲ

လူ့အဖြစ်ကို သေချာဖို့ အတွက်
အဓိပ္ပါယ်မဲ့ လက်မှတ်တစ်စောင်
နေလောင်နေတဲ့ မြို့ ရဲ့ပုခုံးသား
သူတို့သားအမိတွေ အဲဒီရွာလေးကို ရောက်လာခဲ့တာ

"ရော့ အမေ... အဲဒီမှာ ဂါလံပုံး
နောက်ဆုံး အချိန်အထိ အရှုံးမပေးနဲ့
ပြေးတော့ အမေ "

အသက်ဆိုတာကလည်း
လုယူရမှ တန်ဖိုး ပိုရှိတာ...
မျက်လုံးထဲမှာ အိမ်လောက်မြင့်တဲ့ လှိုင်းလုံးကြီးတွေ
တစ်ကိုယ်လုံးကို မီးတောက်လို ၀ါးမြိုခဲ့ပြီး
နားတွေထဲမှာတော့
ငရဲဟာ ပင်လယ်က လာတာလို့ ကြားနေရတယ်

"ပင်လယ်ကို မချစ်ပေမယ့်
ကျွန်မတို့ သားအမိတွေ ပင်လယ်မှာ နစ်ကြရတာပဲ"

"သားရေ...
သားလေး...
ဒီရွာမှာ သေမင်း လက်လှမ်း မမှီတဲ့ နေရာ
မရှိတော့ဘူးလားသားရေ"

"အစ်မက သူ့သားလေးကို ကုန်းမြင့်တဲ့ နေရာမှာတင်ပြီး
ထွက်ပြေးတယ်...
အမေရယ် ဘယ်အထိများပြေးနိုင်ခဲ့တာလဲ"

ကြွေးဟောင်းလည်းမဆပ်နိုင်ခဲ့
ကြွေးသစ်လည်း မချနိုင်ခဲ့တာ
ဟော့ဒီမုန်တိုင်းပါပဲ
ဒီရေ လှိုင်းလုံးကြီးတွေ တ၀ုန်းဝုန်း တက်လိုက် ဆင်းလိုက်
အဆိပ်မြားလို မိုးရေစက်တွေက
ဘ၀အားလုံးကို စုတ်ပြတ်သွားစေခဲ့တယ်

"တိုက်နေတဲ့ လေကြမ်းတွေစဲ
ဒီလှိုင်းလုံးကြီးတွေ ပြန်ဆွဲသွားတော့
ကျွန်မဖက်ထားတဲ့ သစ်ပင်နဲ့ ကျွန်မကျောပြင်
ခွဲခြားလို့ရမယ် မထင်တော့ဘူး"

"အမေရယ် ၊ အစ်မရယ်၊ တူလေးရယ်
တစ်ရွာလုံးလည်း မြေပုံထဲက ဆွဲဖယ်ခံ ရသလို
ပျောက်ဆုံးသွားလိုက်တာ
အသက်ဆိုတာ
လှိုင်းရိုက်ပြီး သောင်စပ်မှာ လာတင်တဲ့
အမှိုက်တွေ လိုပါပဲ အမေ"

ရွာလေးတစ်ရွာပေါ့
ရက်လည် ဆွမ်းသွပ် ဖိတ်စာတစ်စောင်တည်းမှာ
နာမည်သုံးခု ရိုက်ထည့်ပြီး
မြစ်ဝကျွန်းပေါ်ရဲ့ အရိုင်းဆုံး သမိုင်း
မုန်တိုင်းကို သရုပ်ဖော်ခဲ့ကြတယ်။ ။



မင်းစိုးရာ
မေရဲ့ပန်းပွင့်(သို့မဟုတ်)ကမ်းပါးပေါ်က ကျွံကျသွားသော
နာဂစ်နေ့၊ နာဂစ်ည၊ နာဂစ်အလွန် ခံစားမှု ကဗျာများ. . .စာအုပ်မှ


ကျောင်းတွေပြန်ဖွင့်ကုန်ပြီ အေးမိစံ

ကျွန်မပြန်လာခဲ့မယ်ပြောပြီး
သူရောက်မလာတော့
ငါအရမ်းစိတ်ပူနေတယ်ကွာ. . .
မူလတန်းကျောင်းလေးနဲ့ ကလေးတွေက
ညှိုးငယ်စွာဖြင့်
ခေါင်းလောင်းထိုးသံလေးကို ရပ်စောင့်နေကြလေရဲ့ . . .

ဟေ့ရောင်
နာဂစ်ဆိုတာ
အစွန်းရောက်အနက်ရောင်ကုန်သည်ကြီးတစ်ဦးပဲ
မင့်ကောင်မလေး ဌေးယဉ်လည်းပါသွားတယ်
ငါ့ကျောင်းဆရာမလေးနဲ့ သူ့ညီမဝမ်းကွဲလေးလည်း
လိုက်ပါသွားတယ်
ငါတို့ အဒေါ်၊အစ်မ၊ညီလေးတွေနဲ့
သူငယ်ချင်း အသိမိတ်ဆွေတွေကိုလည်း
အဲဒီကုန်သည်ကြီးက
တသီကြီး ဆွဲခေါ်သွားလေရဲ့ . . .

ကျော်သူ
ငါတို့ရဲ့ အိမ်ခေါင်းရင်းက
ကုက္ကိုပင်ပျိုလေးရော လဲသွားသေးလား
အခု ငါ့ရဲ့ဆံပင်တွေကနေ
မီးခိုးတွေ အရမ်းထွက်နေတယ်
သူသိထားတဲ့ ကျေးဇူးတရားတွေက
သူပြန်သန်းမယ့် အတောင်ပံတွေကို
ရေဆွတ်ပေးလိုက်တာလေ
သူပြောပြောနေတဲ့
ငါ့ရဲ့ရည်းစားဦးဟာ သူဖြစ်ပြီး
သူ့ရဲ့နောက်ဆုံးအချစ်က ငါဆိုတာလေ
စိတ်ချ နင့်ကိုငါဘယ်တော့မှ မမေ့ပါဘူးအေးမိစံ
ဘယ်တော့မှမမေ့ပါဘူး

နွေးနွေးဘာလေးမွေးတယ်ဆိုတာလဲ
သူ မသိသွားရှာဘူး
(သူပြန်လာမယ်ပေါ့)
ခေါင်းတလားနဲ့တူတဲ့ မော်တော်ဘုတ်ထဲ မဆင်းမီ
ငါးရက်အလိုလောက်က
ဖုန်းထဲမှာ ပြောသွားတဲ့
ငါ့ကို ပြောစရာစကားတွေ ရှိသေးတယ်ဆိုတာ
ဘာလဲ မသိဘူးကွာ
ဝဋ်ကြွေးပြေဘုရားဆီ
ငါ နောက်တစ်ခေါက်သွားတော့လည်း
နေညိုချိန်ထိ သူရောက်မလာခဲ့ဘူးလေ
ငါ့ရဲ့တစ်သက်
အဲဒီဘုရားမြေဟာ
ဘဝရဲ့လွမ်းစရာ အကောင်းဆုံး ဇုံပေပဲ
သူ့အပေါ်ထားတဲ့ ငါ၏ ချစ်ခြင်းများဖြင့်
သူမတစ်ယောက် ကောင်းရာ သုဂတိလားပါစေ. . .

ပိတောက်တွေ တစ်ကျော့ပြန်ပွင့်လို့
“ ဆရာမလေးကော” လို့မေးလာရင်
ငါဘယ်လိုပြန်ဖြေရမလဲ. . .ကျော်သူ
ငါအရမ်းလွမ်းတယ်ကွာ
လာမယ့် ဆောင်းဦးပေါက်
ကောက်ရိတ်သိမ်းပွဲတော်အပြီင်္း
တို့နှစ်ဦး မင်္ဂလာပွဲကို
သူတကယ် မတက်ရောက်နိုင်တော့ဘူးပေါ့
မတက်ရောက်နိုင်တော့ဘူးပေါ့. . .

“ဒါဝင်” ကို သတိရရင်တောင်
ဝက်စမင်စတာ ဘုရားကျောင်းထဲက
သူ့အုတ်ဂူဆီ သွားလို့ရတယ်
မော်ဒယ် “အန်နာနစ်ကိုလ်စမစ် ” ကို လွမ်းတဲ့အခါလည်း
ဘဟားမားကျွန်းပေါ်က
သူမရဲ့အုတ်ဂူလေးဆီ သွားလို့ရတယ်
အခု သူ့ကိုငါ လွမ်းနေပြီလေ
ဘယ်မလဲ သူမရဲ့ အုတ်ဂူ
ဘယ်မလဲ သူမရဲ့ အရိုးအိုး
ငါ မတရားမပြောပါဘူး
တို့နှစ်ယောက် ပြီးမှသာ
ရှိတ်စပီးယားပြဇာတ်ထဲက
ကောင်လေးနဲ့ ကောင်မလေးက
ဒုတိယ ကံအဆိုးဆုံးပါ
ကျော်သူ .....
ပွတ်ရှကင်တော့
နောက်ထပ် သေနတ်မှန် ခံရပြန်ပြီ. . .။

သူရနီ

(မေရဲ့ပန်းပွင့် . . .နာဂစ် ကဗျာစုစည်းမှုစာအုပ်မှ. . .)

Wednesday, April 21, 2010

အဖျားသွေးငွေ့ငွေ့

ဒဏ်ရာဟာ ဇိမ်ခံပစ္စည်းတစ်ခုပဲ

ခြေထောက်သန်းပေါင်းများစွာ ကမ္ဘာမြေပေါ်ချခဲ့ကြ

ငါဟာ နာမ်စားမှဟုတ်ပါလေစ။ ။


မင်းစိုးရာ
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ဧပြီ၊၂၀၁၀။

Friday, April 9, 2010

အပျက်

သင်္ကြန်ရဲ့အရောင်က

အစိမ်းနဲ့အဝါ

စိတ်ကူးတည့်ရာ ပျော်ရွှင်မှုမှာ

တစ်နှစ်ပတ်လုံး သန့်ရှင်းခဲ့သမျှ

အညစ်အကြေးနဲ့ ဆေးကြောခဲ့ကြတယ်။ ။
်



မင်းစိုးရာ

ပိတောက်မြေမဂ္ဂဇင်း၊ဧပြီ၊2005

Thursday, April 1, 2010

ခွဲခွာ

တိတ်ဆိတ်စွာ

တလွင့်လွင့်လှုပ်ခတ်နေတဲ့

ဇာပ၀ါခန်းဆီးလေးရယ် . ..

အမှောင်မလာခင်အဆောင်ပြတင်းဝက

ပြာလဲ့လဲ့ရီဝေ...

ညနေတွေ အိပ်မက်ဆန်လွန်း

အပျော်ရွှင်ရဆုံးဇာတ်ဝင်သီချင်းလေးရယ်

မှန်ကွဲစတွေလိုက်ကောက်မိတော့မှ

ညဟာ ချောက်ခြားစရာ အနီရောင်တဲ့

သူ့မျက်တောင်လေးတွေဘယ်လောက်ရှည်ရှည်

သူ့မျက်ရည်ကို ကွယ်ထားလို့မှမရတာ

ရင်ထဲ ...

တမြေ့မြေ့စိုက်ဝင်လာတဲ့ဒဏ်ရာကိုပဲ

တယုတယချွန်မြနေရတယ်။ ။



မင်းစိုးရာ
ဖက်ရှင်မဂ္ဂဇင်း၊ဇွန်၊၂၀၀၉။

Wednesday, March 24, 2010

အနီတစ်ခြမ်း အနက်တစ်ခြမ်း/ တစ်ခြမ်းအနီ တစ်ခြမ်းအနက်

ပြည်လမ်းပေါ် တိုးနေတဲ့သွေးနဲ့ဖိနင်းပစ်ခဲ့တယ်
ယဉ်ကျေးဖို့ခွင့်ပြုမထားတဲ့ လူ့အဖွဲ့အစည်းမှာ သေအောင်အတာလည်းငါ
ဒီမှာ ဒီမှာ ၊ ဒီလို ဒီလိုနဲ့ သွေးအေးခဲ့ပြီ အရူးစိတ်တစ်ဝက်နဲ့လမ်းဖြတ်ကူးခဲ့ပြီ
ကွေ့ဝင်သွားတဲ့အချိုးအကွေ့မှာ အခိုးအငွေ့လိုလွတ်မြောက်ဖို့ ညဉ်းတွားနေတဲ့သူငယ်ချင်းကို တောက်ထုတ်မိမယ်
ပါဒတွေရှည် ၊ ဘဝတွေရှည် ၊ သံသရာကလည်းအပြန်တစ်ရာမကဘဲရှည်
ရချင်နေတဲ့အရသာဆိုတာ ဘယ်သူရခဲ့ဖူးတဲ့အရသာလဲ
စာသားကလျှာယားစရာကောင်းလွန်းလို့ စာသားကိုလျှာဖျားနဲ့တောင်မတို့ရဲ
အခု တစ်ခုခုဖြစ်နေပြီ အခုတစ်ခုခုတော့ ခုနေပြန်ပြီ
ပြင်ထား ဖျက်ထား စီထားတာတွေနဲ့ဆက်ကြည့်တယ် ဟိုးတုန်းကလား မနေ့ကလား မနက်ဖြန်ကလား လာနေတာ
တစ်နေ့ပြီးတစ်နေ့ ရွေ့ ရွေ့ နေတာလည်း တစ်နေ့ပြီးတစ်နေ့ ရွှေ့ ရွှေ့ နေလို့ပါပဲ
ပိုက်ဆံမရှိလို့လား ရည်းစားနဲ့အဆက်အသွယ်မရလို့လား အိမ်လွမ်းလို့လား အလုပ်မှာအဆင်မပြေလို့လား ဒါမှမဟုတ်လား
ရောက်ရောက်နေတာ သစ်ရွက်ခြောက်လေး
လွင့်နေအောင် လွှင့်ထားတယ် ထီးထီးကြီးကျန်လို့ တစ်ယောက်တည်းမနက်ဖြန် တစ်ယောက်တည်းဒီနေ့ တစ်ယောက်တည်းမနေ့က
အိပ်မရပြုမရည ငယ်ငယ်ကလွယ်လွယ်တွေးခဲ့တာတွေလည်းခုလေးလေးတွဲ့တွဲ့ရယ်
မေ့ခဲ့တယ် တစ်မေ့ပြီးတစ်မေ့ ရှိတယ်ဆိုတာတွေ ရှိနေလျှက်နဲ့ ပျောက်ပျောက်သွားတဲ့အရှိတရား
သိတယ်ဆိုတာတွေ သိနေလျှက်နဲ့ လွတ်လွတ်သွားတဲ့အသိတရား
လူဆိုတာ တစ်ခုခုကိုအမြဲမျှော်နေတတ်တဲ့သတ္တဝါမျိုးလား ချန်ခဲ့ရမှာတွေ ကျန်ခဲ့ရမှာတွေ
ဒေါသအစ သံဝေဂအဆုံး ပလက်ဖောင်းဘေးလမ်းလျှောက်ရင်း ကားဘီးကြီးတွေလှလိုက်တာလို့တွေးနေတယ်
ဘာမှမရနိုင်တော့ဘူးလို့ သိနေတော့သလိုလို ဘာမှမမျှော်လင့်တော့တာလည်း ဘာရယ်မဟုတ်
ပိုးမွေးသလိုမွေးတယ် သက်ဆိုးမရှည်တဲ့ပိုးကောင်လေး။ ။


မင်းစိုးရာ
11.12.09( 5:12PM)

Sunday, March 14, 2010

သိုးမည်း

တစ်လှေလုံးပုပ်မယ့်
ငါးခုံးမလေးတစ်ကောင်
မှောင်နေတော့ ကိုယ့်အရိပ်ကိုယ်မမြင်ရဘူး
ဆံပင်တွေရှည်ပြန်ပေါ့
ဖိနပ်ပြတ်ပြန်ပေါ့
ဆွေပြမျိုးပြထဲ ငေါထွက်နေတဲ့ အစွန်းတစ်စ
ပျော်ရွှင်မှုဟာငါ့ဆီမှာနေဖို့ ပျော်ရွှင်ပုံမရဘူး
အခုစဉ်းစားနေတာ...
ခန္တာကိုယ်မှာ ဘယ်အစိတ်အပိုင်းကိုဖြတ်တောက်ပစ်လိုက်ရင်
အညံ့တွေပျောက်မလဲ
တစ်ယောက်တည်းတွန်းရွှေ့ရတဲ့
မျက်နှာမွဲမွဲ တစ်ကမ္ဘာ
ကျောက်ခဲလေးနှစ်လုံးနဲ့ မီးခတ်ကူးစက်ခဲ့ပေါ့
ဒဏ်ရာ...။ ။


မင်းစိုးရာ
ဖက်ရှင်မဂ္ဂဇင်း၊မတ်၊2010။

နာမည်ကိုရွတ်ရင်းမျက်ရည်ကျ

ဘာဖြစ်နေမှန်းမသိရတော့
ဘာမဆိုဖြစ်နိုင်မှန်း သိနေရတယ်
ခန္တာကိုယ်မှာ အစိတ်အပိုင်းတစ်ခုလိုနေသလို
ငါ့မှာလိုအပ်လို့
တဆစ်ဆစ်ကိုက်ခဲနေတဲ့ အကြောင်းအရာ
ဦးနှောက်ကို ဝေဒနာနဲ့တမြေ့မြေ့လာစားတယ်
ဟိုတွေးဒီတွေး တောင်တွေးမြောက်တွေး
ပြေးလွှားနေရတယ်
အမှောင်ဆိုတော့
ထိစမ်းမိသမျှက ကိုယ်ထင်ထားတဲ့အတိုင်းလားလို့
ယောင်မှားမိပါတယ်
မခေါ်ဘူး မပြောဘူး
တံခါးကိုဆွဲပိတ် ကိုယ့်အရိပ်ကိုယ်ချုံ့ကြည့်တော့
အိပ်ယာပေါ် ခွေခေါက်နေတာ
အလျင်စလိုပြေးထွက်သွားတာ
အ၀တ်အစားတွေ နံစော်ကြေမွနေတာ
ဆံပင်တွေကို ဆွဲဆန့်နေတာ
ရယ်နေရင်း အကြောင်းမဲ့ရပ်တန့်ငေးဝေသွားတာ
ဖုန်းကြိုးတွေဆီတွားတက်နေတာ
ကတ္တရာလမ်းကို ကျောပိုးအိတ်ထဲခေါက်ထည့်နေတာ
မြန်မြန်စား မြန်မြန်သွားပြီး မြန်မြန်ပြန်ရောက်မလာတာ
မရောက်တဲ့အရပ်ဆီ ထွက်ခွာသွားပြီး
ရောက်ရာအရပ်မှာ ရပ်တန့်နေတာ
ရပ်တန့်တိုင်းမှာ အဓိပ္ပာယ်ကင်းမဲ့လျှက်
အဓိပ္ပာယ်တိုင်းမှာ သေဆုံးသွားခဲ့ရတာ
အသက်ရှင်နေစဉ်မှာ နာမည်ကိုရွတ်ရင်း
နာမည်ကိုရွတ်ရင်း
သူ့နာမည်ကိုရွတ်ရင်းမျက်ရည်ကျ
တိတ်ဆိတ်စွာ . . .
သူ့နာမည်ကိုရွတ်ရင်းမျက်ရည်ကျ
အသက်ရှင်စဉ်မှာ ပျော်သလိုလိုရယ်မောရင်း ရယ်သလိုလိုမျက်ရည်ကျ
အလွမ်းရယ်
ချစ်ခြင်းက Fiber Optic ထဲပိတ်မိနေပြီး
အရူးကတော့ သူ့အင်ဂျင်လေးထဲ လောင်စာဆီရှိမရှိ
ဂတ်(စ်)မီးတောက်ပြာလဲ့လဲ့လေးနဲ့ညှိကြည့်လို့ ။ ။


မင်းစိုးရာ
31.3.09 ( 11:49 pm )

Thursday, March 4, 2010

ဆုတ်ဖြဲခံရတဲ့အရိပ်

ငှက်တွေ အိပ်တန်းဆီပြန်ကြတယ်
ကျွန်တော့်ရဲ့အငေးမှာ
အဝေးကလမ်းလေး ကြမ်းတမ်းလို့
ညနေခင်းတွန့်ခေါက်မြစ်ရေထဲ
သူငယ်ချင်းတစ်ယောက်ရဲ့သတင်း
စီးဆင်းမလာနိုင်တော့ဘူး။

အချစ်ဆိုတာ
ဘုရားတက်
ဆီမီ၊ပန်း၊ရေချမ်းကပ်လှူပြီး
မပြည့်သောဆုတွေတောင်းယူရသလိုမျိုး
သူငယ်ချင်းရေ. . .
ဘာသံမှမကြားရဘဲ မင်းလည်းပြိုကျခဲ့ရတယ်။

ငါတို့ဘဝတွေကလူငယ်
သီချင်းတစ်ပုဒ်ကို ကျိန်စာသင့်သလိုချစ်တတ်တယ်
စူးစမ်းသင်ယူတတ်တယ်
သိမ်မွေ့ခံစားတတ်တယ်
ငြင်းဆန်ပေါက်ကွဲတတ်တယ်
ပြီးတော့ ကျိန်းသေ အသဲကွဲတတ်တယ်။

လက်ဖက်ရည်ဆိုင်တွေမှာ ငါတို့ပြောခဲ့တဲ့အကြောင်းအရာတွေက
"အချစ်" တဲ့
ဘယ်မြစ်ကိုမဆို ရေစီးသန်စေတယ်
ဒီတစ်နှစ်လုံးမှာ အတွင်ကျယ်ဆုံးစကားက
"မိုးခါးရေ" ၊
မီးလောင်နေတဲ့ နှလုံးသားပေါ်
အနမ်းနဲ့တက်ရမယ်ဆိုတဲ့
မာယာကော့(ဖ)စကီးရဲ့" ဘောင်းဘီဝတ် မိုးတိမ်"
ငါတို့အိမ်ပြန်ချိန်တွေအပေါ် ရွာချခဲ့ပုံဟာ
မှတ်သားဖွယ်ရာ မိုးရေချိန်ပေါ့။

အခုတော့ မင်းမရှိတဲ့စကားဝိုင်းမှာ
မင်းအကြောင်းခေါင်းစဉ်တစ်ခုနဲ့
ငါတို့အပြုံးတွေဆို့နင့်
မင်းချစ်သူရဲ့အပါးကနေ
မင်းရိပ်ဟာ ထွက်ခွာရချေပေါ့
တိတ်တဆိတ်. . .
မင်းလွယ်အိတ်ထဲမေ့ကျန်ခဲ့တဲ့ ကဗျာကတော့
မင်းတစ်ဘဝစာဖြစ်ခဲ့ရပြီ။ ။

သူငယ်ချင်း ကိုရဲ(ရဲလွင်ဝင်း)သို့

မင်းစိုးရာ
2003
စတိုင်သစ်မဂ္ဂဇင်း၊ဖေဖော်ဝါရီ၊၂၀၁၀။

Wednesday, March 3, 2010

ညနေ

ရစ်ဘီးကထွက်ခွာသွားတဲ့ ကြိုးစကိုသာမြင်ရပြီး
စွန်ကိုမမြင်ရ
အမြင့်ဆုံးထိလွှတ်တင် ပြီးခါမှ
အမြင့်ဆုံးမှာပြတ်တောက်ခဲ့ရ
စက္ကူလေတံခွန်။ ။


မင်းစိုးရာ
2005

Sunday, February 21, 2010

ဆင်းရဲသား ရနံ့ ကိုယ်တိုက် ဆပ်ပြာ

လေယာဉ်ပေါ်က ဆင်းတော့
မြို့ကြီးကို တန်းနင်းမိတယ် မဟုတ်လား
ပြီးတော့ မြို့ စွန်မြို့ဖျား
လမ်းမကျယ်ကြီးကနေ လမ်းကြိုလမ်းကြား
သွေးကြာမကြီးကနေ သွေးကြောမျှင်လေးတွေကြား
သွေးနဲ့ချွေးနဲ့ တိုးဝေ့လို့
လက်ဖက်ရည်ဆိုင် ထိုင်ရင်း
လမ်းတစ်ဖက် ဖြတ်ပြေးသွားတဲ့ တံလျှပ်တွေကို ငေးနေတယ်
မင်းနေတာ ခြောက်ထပ်တိုက်မို့
တက်ရတာခြောက်ကပ်ကပ်ပါပဲ
မြို့ရဲ့ လူနေမှုပုံစံမှာ
တဖြည်းဖြည်း ပွယောင်းလာတဲ့ LP နဲ့
တဖြည်းဖြည်း ရှုပ်ထွေးလာတဲ့ LT နဲ့
အရေပြားနဲ့ အရိုးကြား အဆီပိုတွေ များများလာတယ်
အင်္ဂတေကြမ်းခင်းနဲ့ သင်ဖြူးဖျာကြား
ဂျင်းဘောင်းဘီ အစုတ်တွေ များများလာတယ်
လျှပ်စစ်သမားမို့
ုဝါယာကြိုးတွေ ပေါက်ပြဲနေတာလည်း ကျွတ်ကျဲရာမလို
Software သမားမို့
Windows က ခဏခဏ ပြုတ်ကျ ခဏခဏ ပြန်တင်
Hardware သမားမို့
Casing တစ်ခြား Circuit တစ်ခြား Drive တစ်ခြား
ခေါင်းတစ်ခြား ကိုယ်တစ်ခြား ရုပ်တစ်ခြား နာမ်တစ်ခြား
ခဏခဏ ပြုတ်ကျနေတဲ့ စိတ်ဓာတ်ကိုလည်း
ခဏခဏ ပြန်တင်ထားတယ်
ဘောလုံးဂျာနယ်ကို အိပ်ယာခင်းလုပ်
တောင်ပံ မရှိတော့တဲ့ ငှက်လို ငုတ်တုတ် မေ့နေတယ်
ကာရာအိုကေခန်းထဲ ကျွံဝင်နေတဲ့ ခြေထောက်တစ်ဖက်ကို ပြန်ဆွဲထုတ်
သစ္စာတရားကို ခုတုံးလုပ်ဖို့ ဒစ်ဂျစ်တယ်ပစ္စည်းတွေ ထုတ်လုပ်လိုက်ပါပြီ။ ။


*Foot Note- LP (ဘာသာစကားကဗျာ)၊ LT(လက်မထပ်ဘဲအတူတကွ ပေါင်းသင်းနေထိုင်ခြင်း)



သံလမ်း(လှိုင်)ကဘော်ဒါတွေအတွက်



မင်းစိုးရာ

17.11.09

Friday, February 19, 2010

မိုးသားတွေရဲ့ အဝေး

ကော်ဖီတစ်ခွက်၊ စီးကရက် လက်ကြားညှပ်ပြီး

မှန်တံခါးရဲ့ အပြင်ဘက်ကို ငေးနေတယ်

ငေးနေတဲ့ ရှုခင်းထဲမှာ သစ်ပင်တစ်ပင်မှ မပါဘူး

သစ်သားပွတ်လုံး ထိုင်ခုံမှာထိုင်လို့

ပြောင်လက်နေတဲ့ သစ်သားပရိဘောဂ ကျွန်းစားပွဲပေါ်မှာ

ကော်ဖီခွက်ဟာ အငွေ့ထောင်းထောင်းထ

ညဆယ့်နှစ်နာရီ တိတိကို 12:00 pm လို့ ချရေးလိုက်တယ်

တွေးနေတဲ့ အတွေးထဲမှာ

သစ်ပင်တွေ ဘယ်ရောက်သွားပြီလဲ ဆိုတာလည်း ပါချင်ပါမှာပေါ့

ဒီနေရာမှာ သကြားအစား

စကားတစ်ခွန်း နှစ်ခွန်း ထည့်မွှေလိုက်ရင် ပိုလို့ ချိုသွားမယ့်ည

ညောင်းညာလွန်း၊ ငြီးငွေ့လွန်း

အစားအသောက်ရဲ့ အရသာဟာ အပြင်ထွက် လမ်းလျောက်နေရရှာတယ်

အံ့သြဖွယ်၊ အံ့သြဖွယ်၊ အံ့သြဖွယ်

အံ့သြဖွယ် ကောင်းလောက်အောင် အံ့သြဖွယ်တွေ ထပ်နေပြီ

အံ့သြဖွယ် ကောင်းလောက်အောင် နာကျင်မှုကို မဖွဲ့ဆိုဖူးဘူးတဲ့

ခင်ဗျားပြောပြောနေတဲ့ လူလုပ်လောကကြီးမှာ

ခင်ဗျားပြောပြောနေတာ လူလုပ်စကားတွေပေါ့

အံ့သြဖွယ် ကောင်းလောက်အောင် ခံစားမှုမရှိဘူးလား

အရင်ဘဝက ကျခဲ့တဲ့မျက်ရည်ဟာ ခု ခင်ဗျားခေါင်းအုံးမှာ စိုစွတ်နေမလားဘဲ

အံ့သြဖွယ် ကောင်းလောက်အောင် အမှန်တရားကြီး မရင့်သီးလွန်းဘူးလား

အရင်ဘဝက ကြည့်ခဲ့တဲ့ မှန်ထဲမှာ

အရင်ဘဝက ခင်ဗျားမျက်နှာကို တွေ့ရမယ်

အရင်ဘဝက ရိုက်ခဲ့တဲ့ ဓာတ်ပုံထဲမှာ

အရင်ဘဝက ရှုခင်းဟာ စိမ်းလို့မှောင်လို့

သစ်ပင်ကို ခင်ဗျားခုတ်ပစ်လိုက်ပြီ။ ။


မင်းစိုးရာ

19.2.2010

Wednesday, February 17, 2010

ချမ်းသာတဲ့ ကလေးလေး

(၁)

“ ငါချမ်းသာချင်တယ်၊ငါသာချမ်းသာရင် လမ်းပေါ်က ကလေးတွေကို

နေစရာ၊ စားစရာ၊၀တ်စရာ၊ဆေး၊မေတ္တာနဲ့ အကြင်နာတွေပေးမှာ”

ကျွန်မ မရပ်မနားတွေးနေတယ်

ဘာမှမပိုင်ဆိုင်တဲ့ လမ်းပေါ်ကကလေးကတောင် သူပိုင်သမျှကိုမျှဝေပေးချင်တဲ့စိတ်ရှိသေးရင်

အားလုံးကိုပိုင်ဆိုင်ထားတဲ့ ကျွန်မတို့က ဘာလို့များဒီလောက်လောဘကြီးနေကြဦးမှာလဲ

နာရီ၊စက်ဘီး၊တီဗွီ၊ကွန်ပျူတာ

ကနေဒါမှာ ကျွန်မတို့ဟာ စားဝတ်နေရေး ဖူလုံကြွယ်ဝတဲ့ဘဝ

လွန်ခဲ့တဲ့နှစ်ရက်က ဘရာဇီးလ်လမ်းပေါ်က ကလေးတွေနဲ့ အချိန်ပေးပြီးတွေ့ဖြစ်ခဲ့တယ်

ဝယ်လိုက်လွှင့်ပစ်လိုက်၊ ၀ယ်လိုက်လွှင့်ပစ်လိုက်

ကျွန်မတို့နိုင်ငံမှာ ကျွန်မတို့ဟာ ဖြုန်းတီးနေပါတယ်

မြောက်ဖျားတိုင်းပြည်တွေက လိုအပ်နေသူတွေနဲ့မျှဝေသုံးစွဲတာမျိုး

လိုတာထက်ပိုလျှံနေသည့်တိုင်အောင်

ကိုယ့်ချမ်းသာသမျှထဲက ဖဲ့ပေးလိုက်ဖို့ကို တွန့်ဆုတ်နေကြပါသေးတယ်

ကျွန်မကဒေါသတွေနဲ့ ကန်းမနေပါဘူး ၊ သောကတွေကလည်း ခံစားချက်အမှန်အတိုင်း

ကမ္ဘာကိုထုတ်မပြောဖို့ မတားဆီးနိုင်ပါဘူး

(၂)

ကိုယ့်စရိတ်ကိုယ်ရှာ ကနေဒါကနေ ရီယိုမြို့တော်အထိ မိုင်ခြောက်ထောင်ခရီး

သင်လူကြီးမင်းတို့ရဲ့ အပြုအမူ ၊ အကျင့်အကြံတွေကို

ပြောင်းလဲရမယ်ဆိုတာ ပြောပြဖို့လာခဲ့တာပါ

အနာဂတ်မျိုးဆက်တွေအတွက်

ကမ္ဘာပေါ်က ငိုကြွေးနေပေမယ့်

သူတို့ငိုသံကို ဘယ်သူကမှ မကြားကြတဲ့ကလေးတွေအားလုံးအတွက်

ကမ္ဘာပေါ်မှာ သွားစရာနေရာရယ်လို့ မရှိတော့တဲ့ တိရစ္ဆာန်တွေကို ကိုယ်စားပြုဖို့အတွက်

ကျွန်မဒီနေရာကို စကားလာပြောတာပါ

ကျွန်မက ကျွန်မအနာဂတ်ကိုတိုက်နေရတာ

အနာဂတ်ကိုဆုံးရှုံးရတဲ့အရေးဟာ

ရွေးကောက်ပွဲမှာ ၊ စတော့ဈေးကွက်မှာ ရှုံးသလိုတော့ မဟုတ်ပါဘူး

(၃)

လူကြီးမင်းတို့ အိုဇုံးလွှာအပေါက်ကိုဘယ်လိုဖာရမယ်မှန်း

ရေသေချောင်းထဲကို ဆယ်လမွန်ငါးတွေပြန်ဝင်လာအောင်

မျိုးတုံးသွားတဲ့ တိရစ္ဆာန်တွေ ပြန်ရှင်လာအောင်

ယခင်ကသစ်တော အခုသဲကန္တာရတွေနေရာမှာ ယခင်လိုသစ်တောတွေပြန်ဖြစ်လာအောင်

ဘယ်လိုလုပ်ရမယ်မှန်း မသိပါဘူး

လူကြီးမင်းတို့ အဲဒါတွေကိုမသိဘူးဆိုရင် ကျေးဇူးပြုပြီး အဲဒါတွေကိုမဖျက်ဆီးပါနဲ့

ခုဆို အိုဇုံးလွှာအပေါက်ကြောင့် ကျွန်မအပြင်မထွက်ရဲပါဘူး

လေထဲမှာဘာဓာတ်သတ္ထုတွေပါနေမှန်းမသိလို့ လေကိုလည်း၀၀မရှူရဲတော့ပါဘူး

လွန်ခဲ့တဲ့နှစ်တစ်နှစ်မှာ ကင်ဆာနာတွေအပြည့်နဲ့ ငါးကိုတွေ့ခဲ့ရပါပြီ

နေ့စဉ်နဲ့အမျှ ကမ္ဘာမြေပေါ်မှာ သတ္တ၀ါတချို့ မျိုးတုံးလုဖြစ်နေပြီဆိုတာ

တောရိုင်း တိရစ္ဆာန်တွေပြည့်နေတဲ့တောကြီးတွေ

ငှက်နဲ့ လိပ်ပြာလေးတွေ ပျော်မြူးနေတဲ့ မိုးရေတောတွေကို

ကျွန်မရဲ့သားသမီးမျိုးဆက်အချိန်ထိ ရှိနိုင်ပါဦးမလား

ခုအသက်အရွယ်မှာ ကျွန်မပူပန်သလို လူကြီးမင်းတို့ ပူပန်ခဲ့ကြဖူးပါရဲ့လား

ဒါတွေအားလုံး မျက်စိရှေ့မှာတင်

အဖြေကိုသိနေပြီး အချိန်တွေရှိနေသေးသလိုလို ဘာဆိုဘာမှ

ကျွန်မက ကလေးပါ ပြသနာတွေအတွက်အဖြေမရှိပါဘူး

(၄)

လူကြီးမင်းတို့ဟာ

အစိုးရအဖွဲ့ဝင်၊ စီးပွားရေးသမား ၊ သတင်းသမား

စည်းရုံးရေးသမား ၊ နိုင်ငံရေးသမားတွေ. . .ဖြစ်ကြမှာပါ

တကယ့်တကယ်တော့ လူကြီးမင်းတို့ဟာ

အဖေ၊အမေ။အစ်ကို ၊မောင်၊ညီမ၊ဦးလေး အဒေါ်တွေပါပဲ

လူကြီးမင်းတို့ဟာ တစ်ယောက်ယောက်ရဲ့ရင်သွေး ၊ကလေးလည်းဖြစ်နေပြန်ပါတယ်

ကျွန်မတို့ဟာ လူဦးရေ ငါးဘီလီယံ

သက်ရှိမျိုးစိတ်ပေါင်း သုံးဆယ်မီလီယံတို့ စုဝေးထားတဲ့ မိသားစုကြီးရဲ့ကလေးတွေပါ

ကျွန်မဟာ ရီယိုမြို့ရဲ့ဆင်ခြေဖုံးကမွေးလာတဲ့ ကလေးဖြစ်နိုင်သလို

ဆိုမာလီကဆာလောင်နေတဲ့ကလေး

အရှေ့အလယ်ပိုင်းက စစ်ဘေးဒုက္ခသည်ကလေး

အိန္ဒိယက သူတောင်းစားကလေးလည်းဖြစ်နိုင်ပါတယ်

ကျွန်မသိတာက

တကယ်လို့ စစ်ပွဲတွေအတွက်သုံးသမျှငွေတွေကို

သဘာဝပတ်ဝန်းကျင်ပြုပြင်ထိန်းသိမ်းဖို့

ဆင်းရဲမွဲတေမှုပပျောက်ဖို့ သုံးလိုက်မယ်ဆိုရင်

ကမ္ဘာဟာ ဘယ်လောက်ပျော်စရာကောင်းမယ့်နေရာဖြစ်လာမလဲဆိုတာ

တစ်ခုတည်းသော ကမ္ဘာမှာနေပြီး တစ်ခုတည်းသောရည်ရွယ်ချက်ကို

အတူတကွကြိုးစားနိုင်တယ်ဆိုတာ

လူကြီးမင်းတို့ရဲ့ကလေး ကျွန်မတို့ဟာ

ကျွန်မတို့ကြီးပြင်းရမယ့် ကမ္ဘာမြေကြီးကို ဘာသာဆုံးဖြတ်ကြရမယ်ဆိုတာ

လူကြီးမင်းတို့ သဘောပေါက်စေချင်တာပါ

သဘောမပေါက်ကြဘူးလားရှင်

(၅)

ကျောင်းမှာ ဆရာ ၊ဆရာမတွေက

ကမ္ဘာကြီးမှာ ဘယ်လိုနေထိုင်သင့်တယ်ဆိုတာသင်ကြပါတယ်

လူကြီးတွေက ကလေးတွေကို အချင်းချင်းခိုက်ရန်မဖြစ်ဖို့

ပြသနာကိုအဖြေရှာကြဖို့ ၊တစ်ယောက်ကို တစ်ယောက်လေးစားကြဖို့

ကိုယ်ရှုပ်ထားတဲ့အမှိုက်ကိုယ်ရှင်းကြဖို့

တခြားသက်ရှိလေးတွေကို နာကျင်ဒုက္ခဖြစ်အောင်မလုပ်ဖို့

လောဘမကြီးဘဲ မျှဝေခံစားတတ်ဖို့

ခုတော့ ဘာလို့များ ကျွန်မတို့ကိုမလုပ်နဲ့လို့တားခဲ့တဲ့အလုပ်တွေကို

လူကြီးမင်းတို့လုပ်နေကြပါသလဲ

ဒီအစည်းအဝေးဘာကြောင့်တက်ရတယ်ဆိုတာ

ကိုယ်ဘာတွေလုပ်နေလဲဆိုတာ မမေ့ကြပါနဲ့

“အရာအားလုံးကောင်းသွားမှာပါ၊တို့လူကြီးတွေတတ်နိုင်သမျှ

အကောင်းဆုံးလုပ်နေပါတယ်၊ဒါဟာ ကမ္ဘာကြီးရဲ့နိဂုံးဖြစ်မသွားနိုင်သေးပါဘူး”

ပြောနိုင်ရမှာပေါ့

ခု လူကြီးမင်းတို့အဲလိုမပြောနိုင်ကြတော့ပါဘူး

ကျွန်မတို့ကလေးတွေဟာ

လူကြီးမင်းတို့ရဲ့ဦးစားပေးအဆင့်မှာတောင် ရှိမှရှိပါသေးရဲ့လား

ကျွန်မအဖေကတော့

“သမီးတို့ အပြောမလုပ်ပါနဲ့ ၊ အလုပ်သာလုပ်ပါလို့” အမြဲပြောတတ်ခဲ့ပါတယ်

လူကြီးမင်းတို့အလုပ်ကတော့

ကျွန်မတို့ကလေးတွေကို ညတွေမှာ ငိုကြွေးစေခဲ့ပါပြီ

အရွယ်ရောက်ပြီးတဲ့ လူကြီးမင်းတို့က

ကျွန်မတို့လိုကလေးတွေကို ချစ်တယ်လို့ပြောတတ်ကြပါတယ်

ကျွန်မလူကြီးမင်းတို့ကို စိန်ခေါ်လိုက်ပါရစေ

ကျေးဇူးပြုပြီး ပြောသလိုလုပ်ကြပါ။ ။

ဝန်ခံချက်။ ။ခေါင်းစဉ်မှလွဲ၍ ကျန်ကဗျာတစ်ပုဒ်လုံးကို Teen မဂ္ဂဇင်း ၂၀၁၀ ဇန်န၀ါရီလထုတ်တွင်ပါရှိသော အယ်ဒီတာ၏ ကမ္ဘာသိမိန့်ခွန်း ဆောင်းပါးမှ စာသားများဖြင့်ပြုလုပ်ထားပါသည်။

၁၉၉၂ ခုနှစ် ဘရာဇီးလ်နိုင်ငံတွင်ကျင်းပတဲ့ ကုလသမဂ္ဂပတ်ဝန်းကျင်နှင့်ဖွဲ့ဖြိုးမှုအစီအစဉ်(United Nations Conference on Environment and Development ) ရဲ့ကမ္ဘာမြေ ထိပ်သီးအစည်းအဝေး(Earth Summit) မှာ ၁၂ နှစ်အရွယ် ကနေဒါနိုင်ငံသူ ဆာဗင်းန်ဆူဇီကီး ပြောသွားခဲ့တဲ့ ငါးမိနစ်တာမိန့်ခွန်းလေးပါ။

ကမ္ဘာကြီးကို နှုတ်ဆိတ်သွားစေတဲ့ ထိုငါးမိနစ် လို့ထင်ရှားခဲ့ပြီး မိန်ခွန်းရဲ့အနှစ်သာရ၊ အစီအစဉ်ကျနမှု တစ်စုံတရာ ပျက်ယွင်းခဲ့ပါက ကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ကြောင်း။



မင်းစိုးရာ
၁၄.၂.၂၀၁၀

Sunday, February 14, 2010

ပျင်းနေပြီမဟုတ်လား

စောင့်မျှော်နေတဲ့ နေကြာတွေ ပျင်းနေပြီ မဟုတ်လား
ပျောက်နေတဲ့ အပိုင်းအစတွေ မလိုအပ်ရင် ရောက်ရောက်လာပြီး လိုအပ်ရင် ပျောက်မြဲပျောက်လို့
အရေးတကြီး တိုက်ဆိုင် စစ်ဆေးမှုမှန်သမျှ လွဲမှား ကွာခြားချက်တွေ
မပြောဖြစ်တော့သော စကားများလို ရောဂါဘယတွေ၊ မမေးဖြစ်တော့သောမေးခွန်းများလို မွတ်သိပ်မှုတွေ
ပျင်းနေပြီမဟုတ်လား သေနေတဲ့ပုံစံအတိုင်း စောင့်နေတယ်လေ. . .ရောက်မလာတာတွေကို
ကိုယ့်ကိုယ်ကိုယ် အရိုးစုဆိုတာ မမေ့အောင် ခဏခဏ ဓာတ်မှန်ရိုက်ကြည့်နေတယ်
ရိုးသားရတာကို ငြီးငွေ့သွားပြီလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေတယ်
ပင်မရေစီးကို ငြီးငွေ့သွားပြီလား၊အဖြူအမဲ တီဗွီလေးကို ငြီးငွေ့သွားပြီလား၊ရည်မှန်းချက်တွေကို၊ပျော်စရာတွေကို၊
လိမ္မာယဉ်ကျေး ချိုသားအေးကို၊ ဘီယာနဲ့အရက်ကို ၊ နေ့စဉ်ဘဝကို၊သူကလွဲတဲ့ဖွဲဆန်ကွဲကို၊ချောင်ပိတ်ရိုက်တဲ့မေးခွန်းတွေကို၊
ကောင်းကျိုးမပေးတဲ့ကောင်မကို၊အိပ်ယာစောစောထရတာကို၊ပတ်ဝန်းကျင်ကို၊အသက်ရှင်နေရတာကို ငြီးငွေ့သွားပြီလား
တစ်နေ့လုံးစားလို့မရ သွားလို့မရ ဘာများဖြစ်နေပြီလဲ ဘယ်များရောက်နေပြီလဲ မျှော်နေရတဲ့စိုးရိမ်စိတ်ကြီး ငြီးငွေ့သွားပြီလား
ရောက်တဲ့အရပ်ကဖုန်းဆက်လိုက်ပါလား မင်းမျက်ရည်တွေ. . .၊ပျော်အောင်နေ အရင်ကညနေခင်းတွေလည်း ခုပျော်ကျနေပြီ
ပျင်းနေပြီမဟုတ်လား ဒီလိုတီတီတာတာကနေ တဝါးဝါးသမ်းဝေ ငါ့ပခုံးပေါ်မင်းပါးလေးလာမှီတဲ့အခါ ငါ့မှာသွေးနဲ့သားနဲ့
သွေးသားရဲ့အငြိမ်းဆုံးတရားလို့ အေးအေးလူလူ အေးအေးဆေးဆေး ကော်ဖီခွက်ရှေ့ကမင်းအပြုံးလေးငေးရင်း အိပ်ပျော်သွားချင်တယ်. . .
ဒီလိုငါကချော့မော့တော့ မျက်ရည်တွေကြားထဲကအပူမီးကို ငါတို့အလောတကြီးကူးခတ်
ကတိတွေအထပ်ထပ်နဲ့ပါကွယ် . . .ပြန်လာခဲ့မယ် မင်းပျင်းနေတဲ့အချိန် တိမ်တွေလိုငါပြန်လာမယ်
ငါတို့နှစ်ယောက်ကြားက ဖြူစင်မှုလေးကိုတော့ မင်းတစ်ယောက်တည်းအတွက်သိမ်းထားပါ့မယ်။
တောစပ်မှာမိုက်ရူးရဲလေပွေ နွေလယ်ဆိုရောက်ရောက်လာ နေကြာပန်းတွေလည်းအနေကြာခဲ့ပါပြီ။သစ်ရွက်ကြွေကိုဖွဲ့နွဲ့ဖို့
စကားလုံးတွေ နိမိတ်ပုံတွေ အသံသွားအသံလာတွေ၊ အသွားအလာများလှတဲ့ရန်ကုန်မြို့ကြီးဟာလည်း တဒီးဒီးညောင်းညာ
ဘီယာဆိုင်မှာဖန်ခွက်ချင်းတိုက်သလို ငါတို့မျှော်လင့်ချင်တွေအသံထွက်ရဲ့လား။
မောက်စ်ပေါ်မင်းလက်ချောင်းလေးတွေ တကလစ်ကလစ် ၊ကီးဘုတ်ပေါ်မင်းလက်ချောင်းလေးတွေ တဂျောက်ဂျောက်
နည်းပညာတောက်နေတဲ့ ကမ္ဘာ ချစ်ဖြင်းမေတ္တာဆိုတာ ဖုန်မှုန့်လေးနောက်မှာကွယ်နေရတဲ့ငှက်ပျောရွက်ဖါးဖါးကြီးပေါ့
ကိန်းဂဏန်းတွေရဲ့ ကိန်ကြီးခန်းကြီးတွေကလည်း သွားလေရာ Laptop အိတ်ကြီးလွယ်ရသလိုလေးလို့ ၊ ပျင်းနေပြီမဟုတ်လား
2012 ရုပ်ရှင်ကားနဲ့ ကမ္ဘာကြီးကိုတိုက်ချလည်း ငယ်ငယ်ကဖတ်ခဲ့ရတဲ့ရုပ်ပြဇာတ်လမ်းတွေလောက်ပါပဲလို့
စတီရီယိုခေတ်ဦးတီးလုံးလေး အတွေးနဲ့အိမ်ပြန်လာခဲ့တယ်
ပျင်းနေပြီမဟုတ်လား လက်. . .ကိုင်. . .ဖုန်း. . .များ. . .မြို့ထဲဝင်လာပါပြီ။ ။


မင်းစိုးရာ

21.1.2010

(2009 ဆောင်းလယ်လောက်က ပုသိမ်ပြန်ရင်း လမ်းမှာဒီကဗျာနဲ့ပတ်သက်တဲ့အတွေးစရခဲ့တယ်
ပြီးတော့ ခေါင်းစဉ်ရယ် စာသားအပိုင်းအစတွေရယ်ရထားခဲ့တယ် ဒါပေမယ့်အဲဒီတစ်နှစ်လုံးအဆုံးမသတ်နိုင်ခဲ့ဘူး
ခုဆောင်းလယ်လောက်မှာ ပုသိမ်ပြန်ရင်းဒီကဗျာကိုပြန်ဆက်ကြည့်တယ် မနေ့ကတော့လက်စသတ်နိုင်ခဲ့တယ်
ဒါပေမယ့်အရင် ချထားတဲ့ လက်စအတိုင်းမဟုတ်ဘဲရွေ့သွားတာရေးပြီးမှတွေ့ရတယ် ကျွန်တော့်အတွက်တော့ ကြာမြင့်ခဲ့တဲ့ကြားကာလကို
ကျေဇူးတင်ရမလား အပြစ်တင်ရမလားပဲ
ဖတ်ပေးတဲ့ သူငယ်ချင်းတွေကိုတော့ ကျေးဇူးပါပဲ )

Saturday, January 30, 2010

အရောင်များဆီ တိုးဝင်ကြည့်ခြင်း

(၁)
စက္ကူစ ဖြူဖြူလေးတွေ ကြေမွ လွင့်စင်သွားတဲ့အခါ စိတ်ထဲ အထီးကျန်မှုဟာ အရောင်တွေအဖြစ် ၀င်ရောက်လာခဲ့တယ်။ စိမ်းညို့ အုံ့ဆိုင်းနေတဲ့ သစ်ပင်တွေနဲ့ အရိပ် ဒါမှမဟုတ် စိတ်သက်သာရာ ရစေမယ့် အရောင် တစ်ခုခုတော့ လူတစ်ယောက်ရဲ့ဘ၀မှာ အမှန်တကယ် လိုအပ်မှာပါပဲ။ စံပယ်ပန်းလေးလို ဖြူဆွတ် မွှေးပျံ့ခြင်း၊ ချစ်သူရဲ့ ပန်းသွေးနုရောင် နှုတ်ခမ်းတွေလို ချိုရီ နူးညံ့ခြင်း တစ်ခုခုပေါ့ . . .။ တိတ်ဆိတ်ခြင်းတွေဆီ စိတ်နဲ့တိုးဝင်သွားတော့ ပိန်းပိတ်အောင် ဖြူတဲ့ နှင်းရဲ့ အရောင်ကို တွေ့ရတယ်။ အမှောင်မှာ ညှိုးငယ်ဆိတ်ငြိမ်စွာ ထိုင်နေပါတယ် ဟိုးဝေးဝေးက အလင်းရောင်ရယ်. . .

(၂)
ငယ်ဘ၀ရဲ့မိုးတိမ်တွေ အိမ်အပြင်တွင် ညှို့နေတုန်းပင် ရှိလိမ့်မည်။ ပျိုးခင်းစိမ်းစိမ်း လယ်ကွင်းတွေ၊ တက်ရေနှင့်အတူ ၀ါဆို၊ ၀ါခေါင်မိုးကလည်း ဖွေးဖွေးလှုပ်မျှပင်။ ချမ်းလွန်းလှ အေးလွန်းလှသည်။ သို့သော် ပျော်လည်း ပျော်နေပြန်သည်။ ၀မ်းနည်းသည့် အခါလည်း ရှိတတ်ပြန်သည်။ ဘယ်အချိန် ဘယ်နေရာပဲ ရောက်နေရောက်နေ ငယ်ဘ၀ရဲ့မိုးရာသီတွေဆီ သတိရ ဆွတ်ကျင်ရသည်မှာ ဘယ်တော့မှ မကျက်တော့မယ့် ဒဏ်ရာကို ခင်တွယ် ယုယရသလို ရင်၌နင့်နင့်သည်းသည်း ဖြစ်ရသည်။ နာကြင်ဖွယ် မိုးရေစက်တွေလို မမေ့ပျောက်နိုင်စရာ။ ခုချိန်ထိ စွဲလမ်းစွာ၊ စွဲမြဲစွာ မက်နေရတဲ့ မယဉ်မရိုင်း အိပ်မက်တွေပါပဲ။ မိုးတွေ သည်းလျှင်ဖြင့် အိမ်ကို လွမ်းမြဲလွမ်းရသည်။

(၃)
ဒုတိယနှစ်ကျောင်းသားဘ၀က အသံတွေမှာ အရောင်ရှိသည်ဟု ယုံကြည်ကာ သူငယ်ချင်းတွေရဲ့ အသံကို အရောင်ခွဲကြည့်ခဲ့ဖူးသည်။ တချို့က ၀ါဂွမ်းလေးလို ဖြူနုသောအရောင်ဖြင့် နှုးညံ့လှသည်။ တချို့ကျတော့ ရေလို ကြည်လင်သော အရောင်ဖြင့် လေညှင်းလို ညင်သာသည်။ သွေးလို နီမှောင်၍ ရဲရင့်သည်။ မိုးသားလို ပြာစင်၍ ငြိမ်းချမ်းသည်။ ရွှေလို ၀င်းဝါ၍ တည်ငြိမ်ခန့်ထည်သော အရောင်လည်းရှိသည်။ တချို့အသံက ငရုပ်သီးမှည့်လို စူးရဲ၍ ပူလောင်သည်။ တချို့အသံက လမိုက်ညလို နက်မှောင်၍ ရာသီဥတုသာယာသလို ပကတိ ရိုးသားသည်။ လပြည့်ညလို လင်းပ၍ ကြင်နာနွေးထွေးခြင်းလည်းရှိသည်။ တချို့က ကောက်ရိုးလို ၀ါကျင် ခြောက်သွေ့၍ လျှို့ဝှက်သည်။ တချို့ကျတော့ သစ်ပင်တွေလို စိမ်း၍ အရာရာ ပေးဆပ် ဖြည့်ဆည်းလိုသည်။ ပန်းရောင်၊ လိမ္မော်ရောင် စသဖြင့် မျိုးစုံပင်။ ပြောင်းဖူးရောင်၊ နွားနို့လို ကွေကာအုပ်လို ဖြူဖြူဥဥ အရောင်တွေကိုပင် ထူးထူးခြားခြား ရူးသွပ်စွာ ခွဲခြားကြည့်ခဲ့ဖူးသည်။ ထိုအချိန်က ကျွန်တော် ပျော်နေခဲ့သည်။ စိတ်ပျက်အားငယ်စရာ၊ ၀မ်းနည်းနာကျင်စရာတွေ ရှိခဲ့ပေမယ့် ထိုအရောင်တွေနှင့် ကျွန်တော် ပျော်နေခဲ့ပါသည်။
ပစ္စုပ္ပန်ကို ရင်ဆိုင်ဖို့ အတိတ်ကို ကျောခိုင်းပြစ်ခဲ့သည်။ ချစ်လျက် စွန့်လွတ်ခဲ့ရသော အဖြူနှင့် နက်ပြာသည် မချစ်ဘဲ အောင့်ကာနမ်းခဲ့ရသော လျှပ်စစ်မီးရောင် ပြိုးပြက်ပြက် အောက်တွင်ေ၀၀ါး၍ ကျန်နေခဲ့သည်။ မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ ဝေးရာ. . . ချစ်သော အရောင်တွေနဲ့ ဝေးရာ. . .။ ခေတ်ရဲ့ တောင်းဆိုရာ ရွှေ့ပြောင်း မျောပါလာခဲ့သော တစ်ခုတည်းသော အညှာရဲ့ အသီးတစ်ရာထဲမှာ အသီးကလေး တစ်လုံးမျှသာ။ အိမ်နဲ့ ဝေးရာ ထွက်ခွာလာခဲ့သော ခြေလှမ်းတွေသည် အိမ်ဆီ ပြန်ဖို့ရာ ခက်ခဲတတ်မှန်း ခုမှသိခဲ့ရသည်။ ခေတ်သည် အရာရာ ပြောင်းလဲပစ်ခဲ့ပြီ။ တိုးတက်ခဲ့ပြီလား။ ကျွန်တော်တို့နှင့် အလှမ်းကွာသော တစ်ခြားနယ်ပယ်မှ အကြောင်းအရာများကို ရှည်ဝေးစွာ မစဉ်းစားဘဲ ထားခဲ့နိုင်လေသည်။ သို့သော် ကျွန်တော်တို့နှင့် အနီးစပ်ဆုံး ရင်ထဲက နှလုံးသားကိုတော့ သံသယရှိစွာ မေးခွန်းထုတ် ရလိမ့်ဦးမည်။ ချစ်ခြင်းနှင့် ဖွဲ့သီထားသော သံယောဇဉ် အသီးအခိုင်လေးတွေ တချို့ ကြွေကျလွင့်စင်လျက်၊ တချို့ ရိုးတံညှာလေးတွေ နာကျင် နွမ်းနယ်လျက်၊ တချို့ ခြောက်သွေ့ အထီးကျန်လျက်။ တချို့ သူငယ်ချင်းတွေက မြို့ကြီးရဲ့ လမ်းမတွေဆီ တိုးဝင် ပျောက်ကွယ်သွားကြသည်။ အရောင်တွေက လင်းလွန်းလို့ ဘာမှ မမြင်နိုင်အောင် ပူလောင် ပြင်းပြလွန်းသည်။ တချို့ သူငယ်ချင်းတွေက အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးရဲ့ စက်လှေခါးထစ်တွေပေါ် လိုက်ပါလျက် ပျောက်ကွယ်သွားကြသည်။ မမြင်ရတော့။ ကောင်းကင်ကို မော့ကြည့်ငေးမော လွမ်းဆွတ်ရန်သာ။ တချို့က သစ်ရိပ်ဝါးရိပ်၊ တချို့က မြစ်ချောင်းအင်းအိုင်၊ တချို့က စက်ရုံတွေဆီ၊ တချို့က ဘတ်(စ)ကားတွေပေါ်၊ တချို့က လူစီးကြောင်းကြီးထဲ အသီးသီး တိုးဝင်လျက် ပျောက်ကွယ်သွားကြသည်။ တခါတရံ ပြန်ပေါ်လာပြီး တွေ့ဆုံကြ။ ခဏမျှသာ။ သူသောက၊ ကိုယ့်ဗျာပါဒတွေနဲ့ လောင်မြိုက်လျက် အပူမီးကို ကူညဉ်းရန်ပင် စကားဟဟ မဆိုနိုင်။ တစ်ခန်းတည်း အတူတူရှိနေလျက် တိတ်ဆိတ်ခြင်းက သွေးပျက်လောက်အောင် ချောက်ခြားဖွယ် ကောင်းတော့သည်။ အခုတော့ သူငယ်ချင်းတွေရဲ့ အသံဟာ အရောင်ပြောင်းသွားခဲ့ပြီ။ အားလုံးရဲ့ အသံဟာလည်း အရောင် ပြောင်းသွားခဲ့လေပြီ။

(၄)
ဟိုးအဝေး မြို့ငယ်လေးတွင် တိတ်ဆိတ် အေးချမ်းစွာ နေရစ်ခဲ့သော သူငယ်ချင်းဝီရကို သတိရနေမိသည်။ မကြာခင် ရက်ပိုင်းက မဂ္ဂဇင်းတစ်စောင်တွင် သူ့ရဲ့ အက်ဆေးတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ သူ့ရဲ့ ကဗျာတွေ အက်ဆေးတွေကို ယခုလိုပင် မကြာခဏ တွေ့ရတတ်မြဲ။ တစ်ခါတရံ ၀တ္ထုတိုလေးတွေ တွေ့ရတတ်သည်။ သူကမြို့လေးတွင် သူ့ရဲ့ ဂီတမိတ်ဆွေတွေနှင့် သီချင်းတွေရေးလိုက်၊ ဆိုလိုက်။ စက်ဘီးလေး တစ်စီးနဲ့ မြို့ထဲမှာ တွေ့ရလိုက်။ ညဦးပိုင်း လက်ဖက်ရည်ဆိုင်တွင် ဂစ်တာတစ်လက် ပိုက်လျှက် သို့မဟုတ် စာပေမိတ်ဆွေ တစ်ဦးစ နှစ်ဦးစနဲ့ အတူထိုင် နေလိုက်ဖြင့် တွေ့ရသည်။ စားဝတ်နေရေးအတွက် မိသားစုအလုပ်တွင် ဝိုင်းဝန်း လုပ်ကိုင်လိုက်ဖြင့် သူ့ကို တွေ့ရသည်မှာ ရိုးရှင်းသည်ဟု ထင်ရသည်။ မြို့လေးသို့ ပြန်ဖြစ်သည့်အခါ ခဏတဖြုတ်တော့ သူနှင့် ဆုံဖြစ်သည်။ ကျွန်တော်က အကြောင်းအရာ ပေါင်းများစွာ၊ အာရုံပေါင်းများစွာဖြင့် ရွေ့လျားနေရသဖြင့် သူနှင့် တွေ့ရသည်မှာ မိနစ်ပိုင်းမျှသာ။ တွေ့ရတိုင်းတွင်လည်း သူက အေးဆေးမျှတစွာ။ သူ့တွင် ဘာဗျာပါဒမှ မတွေ့ရ။ ပူပင်မှု မတွေ့ရ။ အလျင်စလို ကိစ္စတွေ၊ အရေးကြီး တွေ့ဆုံစရာတွေ၊ မဖြစ်မနေ အလုပ်တွေ မရှိသလိုပင် ငြိမ်သက်လှသည်။ သူ့တွင် တွေ့ရသော အရောင်မှာ သူ့ကဗျာတွေ အက်ဆေးတွေထဲက လိုပင် အဖြူထည်။ သူ့အက်ဆေးထဲတွင် ဖတ်ရသော စံပယ်ပန်းကုံး လေးတွေလိုပင် ဖြူစင် မွှေးပျံ့နေသည်။ တကယ်တော့ သူလည်း လူသားတစ်ဦး နည်းတူပင် အခက်အခဲတွေ၊ ပူပင်သောကတွေ၊ ပျော်ရွှင်စရာ ဝမ်းနည်းစရာတွေ ၊ အချစ်အမုန်းတွေ၊ အလွမ်းအဆွေးတွေ ရှိနေမည်မှာ အမှန်ပင်။ သို့သော် ထိုအပူအပင် အပျော်အမောတွေ အပေါ် သူ၏ တုန့်ပြန်ပုံမှာ တစ်ပါးသူ ရိပ်စား ကူးစက်မှု မရှိအောင် သွေးအေး တည်ငြိမ်လွန်းသဖြင့် ယောက်ယက်ခတ် တတ်လွန်းသော ကိုယ့်ကိုယ်ကိုယ်ပင် သိမ်ငယ်မိသည်။

(၅)
၂၀၀၄ ခုနှစ်က ရွာသွန်းခဲ့သော မိုးရေစက်များကို ကျွန်တော် ချစ်သည်။ ထိုစဉ်က တတိယနှစ် ကျောင်သားဘဝ ဖြစ်သည်။ မနက်ခင်းသည် ပြာပြာစင်စင် ကြည်လင်လျှက် မိုးရနံ့နှင့် ဆွတ်ကျင် အေးမြသည်။ ကျောင်းသွားရန် ပြင်ဆင် နေရင်းကပင် စိတ်ထဲ ပျော်ရွှင်လာမိသည်။ ကျောင်းသွားရမည်။
ကျောင်းတွင် သူငယ်ချင်းတွေ ရှိသည်။ ပြီးတော့ ကျောင်းတွင် ချစ်ရသူရှိသည်။ ထိုအချိန်က အရာရာ အဆင်ပြေနေသည် တော့လည်း မဟုတ်။ အမှန်အတိုင်း ဝန်ခံရလျှင် ယနေ့တိုင် မေ့ပစ်ချင်လျှက် သတိရနေရသော နေ့ရက်များစွာ ထိုအချိန်က ရှိခဲ့ဖူးသည်။ သို့သော် ပျော်မိသည်။ လူငယ်တစ်ယောက်ရဲ့ မေတ္တာစိတ်သည် အရာရာ ပကတိအတိုင်း တုန့်ပြန် ခံစားဖို့ရာ ရိုးသားစွာ အဆင်သင့် ရှိနေခဲ့သည်။ ကျောင်းကို ရောက်တော့ ကျောင်းလမ်း တစ်လျှောက် လတ်ဆတ်သော လေနှင့်အတူ မြေသင်း ရနံ့ကို ရသည်။ ထိုစဉ်က မြေကြီးရဲ့ ရနံ့ကို ယခုတိုင် မမေ့သေး။ သားငယ်ကို ထွေးပွေ့ထားသော မိခင်တစ်ယောက်ရဲ့ နွေးသောရနံ့ဖြစ်သည်။ စာသင်ခန်းရှေ့က ပိတောက်ပင်မှ အရွက်များကလည်း စိမ်းညို့လျှက် လေပြေအလာတွင် ရွက်ဖျားများ တဖျတ်ဖျတ်လှုပ်ကာ တွဲခို ဥနေသော မိုးရေစက်များကို ခါချနေသည်။ ကြည့်ရသည်မှာ ရေစိုသဖြင့် ကိုယ်လုံးလေး သိမ့်သိမ့်တုန်အောင် ခါချပစ်လိုက်သော မွေးပွခွေးပေါက်စလေး တစ်ကောင်နှင့်ပင် တူနေသည်။ ညကမိုးတွေ သည်းစွာ ရွာခဲ့သည်ပဲ။
သူ့အခန်းဘက်က ပြတင်းပေါက်တွေ ကျွန်တော် လိုက်ဖွင့်သည်။ အရှေ့ဘက် မိုးကောင်းကင်မှ နေရောင်ခြည်သည် ချစ်ရသူရှိရာ စာသင်ခန်းလေးဆီ ဖြာကျလျှက် ပတ်ဝန်းကျင်တစ်ခုလုံး စိမ့်စိမ့်လေး နွေးနေသည်။ကျွန်တော်သူရှိရာသွားတော့ ညကမိုးစိုသဖြင့် ပွင့်ရသော စံပယ်ပန်းပွင့်လေးလို ချစ်ရသူက လန်းဆန်း မွှေးမြလျှက်၊ မှုန့်ညက်ဖြူလွင်လျှက် ။ စံပယ်ပွင့်လေး သေလို့ ဝင်စားတဲ့ မိန်းကလေးဟု ကျွန်တော်က ချစ်စနိုး တင်စားခဲ့ဖူးသည်။ သူ့ကို ကျွန်တော်ချစ်သည်။ ထိုအချစ်ကြောင့်ပင် ကျွန်တော် ပျော်ခဲ့သည်။ သူ့ကြောင့်ငိုခဲ့ ၊ သူ့ကြောင့်ရယ်ခဲ့၊ သူ့ကြောင့်ပျော်ရွှင်ခဲ့၊ သူ့ကြောင့် ဝမ်းနည်းခဲ့သည်။ သူ့ကို ချစ်တဲ့စိတ်သည် ရိုးသားခဲ့ပါသည်။ ကျွန်တော့်အပေါ် သက်ရောက်သည့်အတိုင်း ကျွန်တော်က တုန့်ပြန်ခဲ့သည်။ သူက အဖြူဆို ကျွန်တော်လည်း အဖြူ၊ သူက အပြာဆို ကျွန်တော်က အပြာပေါ့။ သူ့မိသားစု၊ သူ့ဘဝတစ်စိတ်တစ်ပိုင်း အကြောင်း ခင်မင်စိတ်နှင့် ပြောပြစဉ်က ပျော်ရွှင်၍ ဖေးမ နားထောင်ခဲ့သည်။ မိုးတွေရွာတုန်း သူ့ထီးအောက်မှ မလိုက်ရန် ရှက်ရှက်နှင့် ပြောတော့ ကျွန်တော့်မှာ ဝမ်းနည်းလို့ မဆုံး။ ထိုစဉ်က သူ့အရွယ် နုငယ်လွန်းသည်ကို မတွေးအား ဝမ်းနည်းရန်သာ စိတ်ဇောက ထက်သန်ခဲ့သည်လေ။ သူနှင့် ပတ်သက်လျှင် ကျွန်တော်ဟာ ရိုးတံနာနေတဲ့ သစ်ရွက်လေးလို၊ ဖျက်ကနဲ အက်ကွဲသွားတော့မယ့် မြေပန်းအိုးလေးလို အရာရာ ထိလွယ်ရှလွယ် နုနယ်လွန်းသည်။ သူ့အတွက် ကဗျာတွေ ရေးခဲ့သည်။ သူ့အတွက် ကျောင်းစာတွေ ကြိုးစားခဲ့သည်။ သူ့အတွက် အိပ်မက်တွေ မက်ခဲ့သည်။ သူ့အတွက် သန့်စင်ခဲ့သည်။ သူ့အတွက် ရိုးသားခဲ့သည်။ သူ့အတွက် ရဲရင့်ခဲ့သည်။ သူ့အတွက် ချစ်ခဲ့သည်။ သူ့အတွက် ရှင်သန်ခဲ့ပါသည်။

(၆)
ပြန်စဉ်းစားကြည့်လျှင် ထိုစဉ်ကလို ရူးသွပ်မှုမျိုးဖြင့် မိန်းကလေးတစ်ယောက်ကို ချစ်ဖို့ရာ ယခုအချိန်တွင် မဖြစ်နိုင်တော့သည်မှာ အမှန်ပင်။ သူ့အပေါ် ခိုင်ကျည် တည်တံ့နေသော သစ္စာတရားနှင့် သူနှင့် ပတ်သက်ပြီး ပေါ်ပေါက်ခဲ့သော စွဲလမ်းမက်မောမှုမျိုး နောက်တစ်ကြိမ် ပြန်မရနိုင်တော့။ ထိုရူးမူးလွတ်လပ်သော အချစ်ဆီချဉ်းကပ်ဖို့ရာ ကျွန်တော်တို့စိတ်တွင် ရိုးသားသော အရောင်အဆင်း လုံလောက်အောင် မရှိတော့ခြင်းကြောင့် ဖြစ်မည်။ ခုအချိန် မိန်းကလေး တစ်ယောက်ကို စိတ်ဝင်စားမိသည် ဆိုလျှင် အလုံးစုံ ရိုးသားခြင်း မဟုတ်ကြောင်း ဝန်ခံရပါလိမ့်မည်။ ထို့အတူပင် တစ်ခြားသူတွေဆီမှာ ရှိသောမာယာ အရောင်အဆင်းတွေကိုလည်း ကျွန်တော်က အလိုလို ရိပ်စားမိလျှက်သား ဖြစ်နေပြန်သည်။ ရိုးသားမှုကို မတွေ့ရ။ ကိုယ့်တွင် မရှိသော အရာတစ်ခုကို တစ်ပါးသူထံတွင် ရှာဖွေခြင်းမှာ တရားမျှတမှု ရှိပါ့မလား။ သို့မဟုတ် မိုက်မဲခြင်းလား။ မေးခွန်းတွေက မွန်းကြပ်ဖွယ် ကောင်းလှသည်။ ထို့ကြောင့်ပင် ကျွန်တော် မချစ်သော မိုးရာသီများ အကြောင်းကို ပြောဆိုရန် မသင့်တော်တော့ပါ။

(ရ)
ကျွန်တော် သူ့ကို လွမ်းနေပါသည်။ ဟိုးအဝေး ဇာတိမြို့ငယ်လေးမှ သူငယ်ချင်းဝီရကို လွမ်းသည်။ ၂၀၀၄ခုနှစ်က ရွာသွန်းခဲ့သော မိုးရေစက်များကို လွမ်းသည်။ ဒုတိယနှစ် ကျောင်းသားဘဝက သူငယ်ချင်းတွေရဲ့ အသံကို လွမ်းသည်။ ငယ်ဘဝရဲ့ မိုးတိမ်တွေကို လွမ်းသည်။ မိသားစုနှင့် အိမ်ကို လွမ်းသည်။
“တကယ်တော့ လွမ်းတယ်ဆိုတာ စံပယ်ပန်းလေးတွေကို သီငင်ရသလိုမျိုးပဲ ဖြစ်သည်” ဟု ဝီရကတော့ သူ့အက်ဆေးထဲတွင် ရေးခဲ့သည်။ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာသည် အရောင်အသွေးများစွာဖြင့် စုံလင်လှသည်။ ရောင်စုံကမ္ဘာထဲတွင် နေထိုင်သော ကျွန်တော်တို့ကလည်း ကိုယ်ပိုင် အရောင်တစ်ခုစီဖြင့် ရှင်သန် ထွန်းလင်းကြရမြဲပင်။ မိမိရဲ့ ကိုယ်ပိုင်အရောင်သည် တခြားသူ စိတ်ထိခိုက် နာကျင်စေဖို့ထက် စိတ်ကျေနပ်ချမ်းမြေ့စေမည့် အရောင်ဖြစ်မည်ဆိုလျှင် များစွာ နှစ်လိုပျော်ရွှင်ဖွယ် ကောင်းလာလိမ့်မည်ဟု ထင်နေမိသည်။

ဖြူစင်ခြင်းသည် အလွမ်းဖြစ်မည် ဆိုပါက အဲဒီ ပန်းကလေးတွေကို ကျွန်တော် ကျေနပ်နှစ်သက်စွာ သီငင်နေချင်ပါသည်။


မင်းစိုးရာ
၂၉.၁၂.၀၉

Tuesday, January 26, 2010

ငှက်ကလေး…

ငှက်ကလေး…

မင်းလာနားပုံကမယုံနိုင်စရာ
တိုးတိတ်ညင်သာလွန်းရဲ့
ရှုခင်းမဲ့ပြတင်းပေါက်အသေထဲ
မင့်ရဲရင့်ဖျတ်လတ်တောင်ပံခတ်သံ

နဲ့
အမှန်တွေဟာသက်ဝင်လင်းပြက်လို့

ငှက်ကလေး…
မင်းဟာ ကမ္ဘာဦးဂူနံရံမှာ
ငါရေးခြစ်ခဲ့တဲ့ သိစိတ်မဲ့ပန်းချီကား
အလင်းကန်းနေတဲ့ မျက်လုံးတွေရဲ့တံခါးကို
မင်းရင်ထဲကသီချင်းစာသားနဲ့ ဖွင့်ခဲ့တယ်…

အရှုံးမဟုတ်ဘူး ငှက်ကလေး…
ငြိမ်းချမ်းရေးဆိုတာ
ချစ်ခြင်း မေတ္တာရဲ့ ထိုးမြဲလက်မှတ်ပါ
မင်းပျံသန်းသွားပြီးတဲ့နောက်မှာ
ငါဟာ ငြိမ်းချမ်းစွာချစ်ခဲ့တယ်…
ငါဟာငြိမ်းချမ်းစွာ…
ငါဟာ…

ငှက်ကလေး…
မင်းစတေးခဲ့တဲ့တောင်ပံတွေရဲ့ တံစက်မြိတ်မှာ
ငါ့အမှောင်စိတ်သွေးတိတ်ခဲ့ပေါ့
မရေရာသူတွေရဲ့ စကားမှာတော့
မင်း ပျံသန်းပျောက်ပျက်ခဲ့ပြီတဲ့
ရင်ထဲကိုလာနားတဲ့ ငှက်ဆိုတာ
တစ်သက်လုံးပျောက်ပျက်ဖို့ ပျံသန်းမှာ မဟုတ်ဘူး
ငါ အဲဒီလို ယုံကြည်ဖွဲ့ဆိုခဲ့တယ် ။ ။

မင်းစိုးရာ

Monday, January 25, 2010

နေကောင်းလား ကောင်းကြီး

နေကောင်းလား ကောင်းကြီး
ပုသိမ်မှာတော့
လမ်းကြိတ်စက်အောက်
ကျောက်ခဲလေး ရောက်သွားပြီ သူငယ်ချင်း။

ရင်ပြင်တော်ပေါ်
ခြောက်သွေ့သွားတဲ့ ငါတို့ရဲ့ အပျော်တွေ
ညီတွေ၊ညီမတွေ လှည်းကျင်းနိုင်ရဲ့လား
ဘုရားနား နီးတော့ ဘုရားအကြောင်း
စာအုပ်နား နီးတော့ စာအုပ်အကြောင်း
မင်းအနား မနီးပေမယ့် မင်းအကြောင်း
နေကောင်းရဲ့လား ကောင်းကြီး။

ကောင်းကြီးရေ . . .
မင်းသွေးထဲ အေးခဲနေတဲ့ ရော့(ခ်)သီချင်းတစ်ပုဒ်လို
ငါတို့ကို သတိရပါ
မင်းပြောခဲ့သလိုပေါ့
တကယ့် အဖြစ်အပျက်ထက်
တကယ် ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို စားမြုံ့ပြန်ရတာ
ပိုအရသာ ရှိပါတယ်။

နေကောင်းလား ကောင်းကြီး
မင်းကျောင်းတက်နေရပြီဆို
ငါတို့ကတော့
ဘဂ္ဂဒက်မှာ မထူးဆန်းတော့တဲ့ လမ်းဘေးဗုံးပဲ
ကွဲချင်လည်း ကွဲပေါ့။

ပုသိမ်မှာတုန်းက ရန်ကုန် ဘယ်ဘက်မှာလဲလို့ မေးတော့
မင်းကောင်မလေးအိမ်ဘက် မင်းက လက်ညှိုးထိုးပြတယ်
အခုတော့ ပုသိမ်ဆိုတာ
ချစ်သူတွေ ရှိရာ အရပ်လို့
ငါလည်း မှတ်သားတတ်နေပြီ သူငယ်ချင်း။

နေကောင်းလား ကောင်းကြီး
စနေ၊ တနင်္ဂနွေဆို ငါနဲ့ကြက်ဖလေး နှစ်ယောက်
ရန်ကုန်မြို့ထဲ ရှိသမျှ လမ်းတွေ အကုန် လိုက်လျှောက်တာပဲ
ဒါပေမယ့် ဘယ်မှ မရောက်ပါဘူး
နောက်ဆုံးတော့ လပွတ္တာသား ကဗျာဆရာနှစ်ယောက်ရဲ့
သမိုင်းလမ်းဆုံက သတ်သတ်လွတ် အရက်ဝိုင်းလေးဆီ ရောက်တယ်
ဒီဇိုင်းဆရာလေး ရဲထွတ်ဦးကတော့
လဖက်ဒညင်း ထမင်းတစ်ပွဲနဲ့
သူရာမေရိယကို
သူ့ဘက်က အရဲရင့်ဆုံး ကာကွယ်သွားလေရဲ့။

နေကောင်းလား ကောင်းကြီး
စက်ရုံထဲ ရောက်တဲ့သူဟာ စက်ရုပ်ပေါ့
စာသင်ခန်းထဲ ရောက်နေတဲ့ မင်းကရော
ဘာအရုပ်ဘဲ ငါသိချင်လိုက်တာ
ကျောင်းသားဘ၀ ဓာတ်ပုံထဲမှာ
ငါတို့အားလုံး ပြုံးနေတာ သံသယ ၀င်စရာပဲ။

ကောင်းကြီးရေ . . .
မင်းနဲ့ငါ ဆောက်မယ့် အိပ်မက်ကို ဘယ်အင်ဂျင်နီယာ အပ်မှာလဲ
ငါလည်းည, ညဆို ခန္ဓာကိုယ်ကို
အိပ်ယာပေါ် အလောင်းလို ပစ်တင်ထားရတယ်
အိပ်မပျော်တဲ့ ဆံပင်တွေကို ဆွဲဆွဲဆန့်နေရတယ်
မျက်နှာကျက်မှာ
လည်နေတဲ့ ပန်ကာကို အကြောင်းမဲ့ စိုက်ကြည့်ရင်း
ကိုယ်တစ်ခြမ်း ရောင်ရမ်းနေရတယ်
ရင်တွေ ပူလွန်းလို့ လောင်းထည့်လိုက်တဲ့ ရေဟာ
လည်ချောင်းဝမှာ အငွေ့ဖြစ်တယ်
ပါးစပ်က မှုတ်ထုတ်လိုက်တဲ့ အမောတွေဟာ
အပြင်မှာ မီးထလောင်နေရတယ်။

ကောင်းကြီးရေ . . .
ငါတို့ရဲ့ လူ့ဘ၀ယန္တရားမှာ
ဘယ်ကြမ္မာ ခွေးသွားစိတ်များ ကျိုးပဲ့နေခဲ့ပါလိမ့်
အတိတ်ကို စွဲလမ်းတဲ့ ရောဂါနဲ့ပဲ
အရာရာ ချွတ်ချော် တိမ်းပါးခဲ့ရတယ်။

တချိန်က
နေ မဟုတ်ပေမယ့် လင်းခဲ့ကြတဲ့ နေ့တွေ
ရွှေ မဟုတ်ပေမယ့် ၀င်းခဲ့ကြတဲ့ ညတွေ
မင်း နင်းထားတဲ့ မြေကြီးဟာ
ငါတို့ ကိုယ်ပိုင်မြေကြီး
ငါတို့အတွက်နဲ့ ကမ္ဘာကြီး မလေးလံစေခဲ့ဘူး။

ငါ့စိတ်ကို လောင်နေတဲ့ နေရောင်
ငါတို့ မီးလိုလည်း တောက်လောင်ခဲ့ကြဖူး
ငါတို့ ရေလိုလည်း အေးမြခဲ့ကြဖူးတယ်
ငါတို့ မိုက်မဲတာ အဓိပ္ပါယ်ရှိတယ်
ငါတို့ လိမ္မာတာ အဓိပ္ပါယ်ရှိတယ်
ငါတို့ အရက်သောက်တာက အစ အဓိပ္ပါယ် ရှိခဲ့ကြတယ်။

အခုတော့
ဘယ်တက်နဲ့ လှော်ရမှန်း မသိအောင်ဘဲ
အချိုးအကွေ့က ကြမ်းတမ်းခဲ့တော့
အညှာလေးတစ်ခုရဲ့ အသီးတရာ
ရေစီးမှာ မျောပါခဲ့ရတယ်

ငါဟာ အုံ့သာအုံ့ပြီး မရွာရဲတဲ့ စိတ်ပျော့ညံ့သူ မိုးတိမ်
ဒဏ်ရာကို ဇိမ်ခံပစ္စည်း တစ်ခုလို အမြဲတမ်း ချော့မြှူပွတ်သပ်လို့
အရာရာတိုင်းရဲ့ အဓိပ္ပါယ် တစ်ခုချင်းဆီမှာ
အဓိပ္ပါယ် မရှိတော့တဲ့ အကြောင်း ယုံကြည်ပြီးတဲ့နောက်
ငါဟာဆင်သေကို ဖုံးထားတဲ့ ဆိတ်ရေလေးလည်း ဖြစ်ခဲ့တယ်
ကိုယ်အသက် ကိုယ်ပြန်ထုပ်ထားရတဲ့
ဖက်ရွက်လေးလည်း ဖြစ်ခဲ့တယ် ကောင်းကြီး။

ကောင်းကြီးရေ . . .
ငါတို့ ကျောင်းတော်သားဘ၀ တအုံ့နွေးနွေး လမ်းလေးကို
မင်းလည်း တွေးပြီးသတိရနေမှာပေါ့
အရာရာ မှားပိုင်ခွင့်လည်းရှိ
အရာရာ မှန်ပိုင်ခွင့်လည်းရှိတဲ့ ငါတို့ရဲ့ လူငယ်ဘ၀ဟာ
ဘယ်အရာကိုမှလည်း မမှားခဲ့ရ
ဘယ်အရာကိုမှလည်း မမှန်ခဲ့ရဘူး သူငယ်ချင်း။

တစ်သင်းလုံး တန်းဆင်းသွားပြီးတဲ့နောက်
တစ်ယောက်တည်း တင်ကျန်ခဲ့တဲ့ ကစားသမားဟာ မင်းပါပဲ
ဘ၀အပေါ် စိတ်မြဲကိုယ်မြဲ ရှိနိုင်တဲ့သူ
လူ့အန္ဓတို့ရဲ့ ဖတ်စာအုပ်ထဲက
“ကိုယ်အားဆိုတာ လူမိုက် ငှားရိုက်ခြင်း” ဆိုတဲ့
ဖွင့်ဆိုချက်ကို ပယ်ဖျက်ပစ်ဖို့
မင်းနေကောင်းမှ ဖြစ်မယ်
အရိုင်းအတိုင်း သွားနေတဲ့ ငါတို့သမိုင်းကို
ယဉ်ကျေးလာဖို့
မင်းနေကောင်းမှဖြစ်မယ်
ငါတို့ဘိုးဘွား အထွတ်အမြတ်ပေါ်က
ဖိနပ်ရာတွေကို ပြန်ဖျက်ပစ်ဖို့
မင်းနေကောင်းမှ ဖြစ်မယ်။

ဘယ်လိုလဲ ကောင်းကြီး
အောင်အောင်ဟိန်းကို တွေ့ရင် ပြောလိုက်ပါ
ကမ္ဘာမှာ ကျောက်စိမ်းတွေ ရှားပါးကုန်ပြီဆိုတဲ့ အကြောင်း
ဟိန်လေးတစ်ယောက်ကိုတော့
ဆေးလိပ်တွေ သိပ်မသောက်ပါစေနဲ့
အမြဲတမ်း ပေးချင်နေသူ သူ့အတွက်
ငါတို့ဘက်က ယူစရာ မကုန်သေးဘူး
ဖိုးထက်ကတော့
အရင်လို ကတ္တရာလမ်းကို
လက်သီးနဲ့ ထိုးရလောက်အောင် မမိုက်တော့ပါဘူး
သူဟာ လွမ်းလည်း လွမ်းတတ်လို့
သူဟာ ချစ်လည်း ချစ်တတ်ခဲ့ပါပြီ။

ငါတို့ ပုသိမ် ပြန်ရောက်တဲ့အခါ
ဆိုင်ကယ်ကို အမြဲစက်နှိုးထားတတ်တဲ့ သားပေါက်အတွက်
ငွေသော်တာရောင်ခြည် သီချင်းလေး ငါကျက်ထားတယ်
နှလုံးလှသူ ဆရာဝန်ကြီးကတော့
ပြုံးပြီး ကြည့်နေဦးမှာ သေချာတယ်။

စိုးမျိုးဦးရယ်၊ ချစ်သူရယ်၊ သားလေးရယ်
ငါတို့နဲ့ ဝေးရာမှာ ပျော်နေပါစေတော့
ရွေးမြစ်ကိုဖြတ်၊ ပြန်မလော့မြစ်ဝှမ်းတစ်ဖက်က
သူတို့ ဘီတွတ်ရွာကြီးကို အသွား
မြစ်လေ အရိုင်း အမှောင်တွေ တဖြည်းဖြည်း စိုင်းလာချိန်
စက်လှေပေါင်းမိုးပေါ်
အော်ချင်ရာအော် ပျော်ခဲ့ကြတဲ့ အချိန်တွေလောက်
ငါတို့ဘ၀တွေ နောက်ထပ် လွတ်လပ်ခွင့် ရှိပါဦးမလား။

ပိတောက် ရိပ်သာ၊ ရေတမာ
အမြဲတမ်း ပြာနေတဲ့ မျက်ခင်း
ငါတို့ နင်းလျှောက်နေကျ မြေသားလမ်းနီနီ
ထန်းပင်တွေလည်း စီရရီရှိတဲ့
ကျောင်းတော်ရာ ‘အပင်နှစ်ဆယ်’ရွာလေးရယ်
ရင်ခုန်းမူးမူး ချစ်ခြင်း၌ ဖျတ်ဖျတ်လူးခဲ့ရာ
‘မျိုးဆက်သစ်’အဆောင်လေးရှေ့က
‘ညီမျှခြင်း’သီချင်းညတွေရယ် . . .။

ရထားသံလမ်း နံဘေး
ခရမ်းချဉ်သီး မီးလေး အမြဲလင်းနေတဲ့ ‘မီ’တို့ အိမ်ရှေ့
သူ့ ပခုံးနုနုထက်က
အပြာရောင်လွယ်အိတ်လေး ဖြစ်ချင်ခဲ့တဲ့ မင်းရယ်. . . ။

ငိုလည်းငိုခဲ့ ရယ်လည်းရယ်ခဲ့
လွမ်းလည်းလွမ်းလို့ ကြမ်းလည်းကြမ်းလို့
ငါဟာ မျက်စိမကန်းပေမယ့်
ငါဟာ တစ္ဆေမကြောက်ခဲ့
အဆောင်ဆောင် အခန်းခန်း မဟုတ်ပေမယ့်
တစ်ဆောင်တည်း တစ်ခန်းတည်းရှိတဲ့
တစ်ထောင့်တစ်ညမဟုတ်ပေမယ့်
တစ်ထောင့်တစ်ညထက် ပိုတမ်းတရတဲ့
ပုသိမ်စက်မှုဇုံထဲက ငါ့ဒဏ်ရာရအခန်းကျဉ်းကလေးရယ်
လွမ်းမောစရာ ပုသိမ်ညတွေလောက်
ငါတို့ဘ၀မှာ နောက်ထပ်ဖြူစင်ခွင့်ရပါဦးမလား . . .
အုတ်ခဲကျိုးလေး နှစ်လုံးနဲ့ ထူမတ်ထားရတဲ့
ငါတို့ဘ၀ရဲ့အလံတော်
နေရောင်ကို မျှော်ရင်း လကွယ်ညတွေနဲ့လည်း တိုးခဲ့ရပါပြီ။

ကောင်းကြီးရေ . . .
ရန်ကုန်မှာ မျဉ်းကြားဆိုတာကလည်း
ဖြတ်မကူးရဲလောက်အောင်ေ၀၀ါးလွန်း
အန္တရာယ်တွေကလည်း နုနယ်လွန်းလို့
ထိစမ်းလိုက်ရင် ယောင်မှား စွဲလမ်းမိတော့မယ်။

ငါငိုနေတယ် ကောင်းကြီး
ငွေကြေးအတွက် မဟုတ်
ကျော်ကြားမှုအတွက် မဟုတ်
ဂုဏ်ဒြပ် ရုပ်ဝတ္တုပစ္စည်းတွေ အတွက်လည်း မဟုတ်
ချစ်ခြင်း၊မုန်းခြင်း၊ဆုံးရှုံးခြင်းတွေ အတွက်လည်း မဟုတ်ပါဘူး

ငါငိုနေတာ
အရွက်ဖုံး ခံထားရတဲ့ ရိုးတံညှာလေးအတွက်
ကြိုးမရှိတော့တဲ့ စက္ကူစွန်လေးအတွက်
လျှပ်ပေါ်လော်လီမှုကို ရှေ့တန်းတင်ထားရတဲ့
ဟော့ဒီခေတ်ကြီးအတွက်
ချစ်သူကိုပေးရမယ့် အနမ်းကို
တခြားသူဆီ ပေးလိုက်ရတဲ့ မြို့ကြီးအတွက်
အသက်မပြည့်ခင် ရောင်းစားခံရတဲ့
မြို့စွန်မြို့ဖျား နောက်ဖေးလမ်းကြားရပ်ကွက်လေးတစ်ခုအတွက်
သစ်သား ဆုတံဆိပ်ကလေးတစ်ခုနဲ့ နှစ်သိမ့်ခံထားရတဲ့
လူတော်လေးတစ်ယောက်အတွက်
မင်္ဂလာဒုံ စက်မှုဇုံထဲက အခြေခံ အလုပ်သမားလေးတွေအတွက်
ငါငိုနေတယ် ကောင်းကြီး
ငါတို့ခေတ်မှာ ငါတို့ရလိုက်တာ
အဲဒီမျက်ရည်တွေပါပဲ ကောင်းကြီး။

ကောင်းကြီးရေ . . .
လေယာဉ်ပေါ် ပါသွားတဲ့ မင်းနှလုံးသားကို ပြန်သိမ်းထား
(Brain Drain တင် မဟုတ်ဘဲ
Heart ပါ Drain သွားတာကတော့ ငါလည်း စိတ်မကောင်းဘူးပေါ့)
အနေကြာလာတော့လည်း နေကြာတွေလို
နေလာရာ အလိုက်သင့် မျက်နှာမူတတ်သွားမှာပါ. . .
တစ်ချိန်က ငါ့အမှောင်ညတွေရဲ့ လျှပ်စီးအလင်းလေးဟာ
အခုတော့ ငါ့ကောင်းကင်မှာ အသာဆုံး လမင်း
‘မီ’ကို မင်းလွမ်းသလို
ငါမင်းကို တဖွဖွ လွမ်းလိုက်ပါတယ် . . .။

ကောင်းကြီးရေ . . .
ဘာရယ်လို့တော့ မဟုတ်ပါဘူး
တချိန်ကျ သေမင်းနှုတ်ခမ်းဝ
ငါတို့လည်းရောက်ရမှာပဲလေ. . .
အခြေအနေရှိမယ်ဆိုရင်တော့
မင်းနဲ့ငါအတူတူ
‘အမှိုက်မပစ်ရ’ ဆိုင်းဘုတ်လေးပဲဖြစ်ဖြစ်
စိုက်ထူချင်သေးတယ်
ငါတို့မျှော်လင့်ချက်ဟာ
ဒီလောက်တော့ သိမ်ငယ်ခွင့် ရှိတယ်မဟုတ်လား
မင်းနေကောင်းရဲ့လား ကောင်းကြီး ။ ။

မင်းစိုးရာ