Saturday, May 1, 2010

ရွာလေးတစ်ရွာ ........ ကျောင်းတွေ ပြန်ဖွင့်ကုန်ပြီ အေးမိစံ

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း စတဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ 2008.မေလ၊ 2 ရက်နဲ့ 3 ရက်တွေမှာ ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ ခုဆို နှစ်နှစ် တိုင်ခဲ့ပါပြီ။
ဒါပေမယ့်လည်း မုန်တိုင်းဒဏ်သင့် ပြည်သူတွေနဲ့ မြန်မာပြည် တစ်ပြည်လုံးအတွက်ကတော့ ပြန်တွေးကြည့်တိုင်း ဒဏ်ရာဟာ အစိမ်းသက်သက်ပဲ ရှိနေဦးမှာပါ။
ဒီနေ့ နာဂစ် နှစ်နှစ်ပြည့် အမှတ်တရ အနေနဲ့ ကျွန်တော် ကဗျာဖန်တီးသူ တစ်ယောက်အနေနဲ့ မုန်တိုင်း တိုက်ခတ်ပြီး ၆ရက် အကြာလောက်မှာ ကြုံတွေ့ ကြားသိခဲ့ရတဲ့ ရင်နင့်ဖွယ် အဖြစ်အပျက် တစ်ခုကို
စာနာ မျှဝေစိတ်နဲ့ ရေးသားဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်နဲ့ အတူ ၊နာဂစ်မှာ ကြေကွဲရင်နာဖွယ် ပျောက်ကွယ်သွားခဲ့ရတဲ့ ချစ်သူကျောင်းဆရာမလေး အကြောင်း ရေးထားတဲ့ အစ်ကို သူရနီရဲ့ ကဗျာတစ်ပုဒ်ကို
အမှတ်တရ တင်ဆက်ပေးလိုက်ပါတယ်။


ရွာလေးတစ်ရွာ


မေ့လျော့မှုတွေဟာ
ငါတို့ သမိုင်းကို ကြမ်းရိုင်းစေတာပဲ

လူ့အဖြစ်ကို သေချာဖို့ အတွက်
အဓိပ္ပါယ်မဲ့ လက်မှတ်တစ်စောင်
နေလောင်နေတဲ့ မြို့ ရဲ့ပုခုံးသား
သူတို့သားအမိတွေ အဲဒီရွာလေးကို ရောက်လာခဲ့တာ

"ရော့ အမေ... အဲဒီမှာ ဂါလံပုံး
နောက်ဆုံး အချိန်အထိ အရှုံးမပေးနဲ့
ပြေးတော့ အမေ "

အသက်ဆိုတာကလည်း
လုယူရမှ တန်ဖိုး ပိုရှိတာ...
မျက်လုံးထဲမှာ အိမ်လောက်မြင့်တဲ့ လှိုင်းလုံးကြီးတွေ
တစ်ကိုယ်လုံးကို မီးတောက်လို ၀ါးမြိုခဲ့ပြီး
နားတွေထဲမှာတော့
ငရဲဟာ ပင်လယ်က လာတာလို့ ကြားနေရတယ်

"ပင်လယ်ကို မချစ်ပေမယ့်
ကျွန်မတို့ သားအမိတွေ ပင်လယ်မှာ နစ်ကြရတာပဲ"

"သားရေ...
သားလေး...
ဒီရွာမှာ သေမင်း လက်လှမ်း မမှီတဲ့ နေရာ
မရှိတော့ဘူးလားသားရေ"

"အစ်မက သူ့သားလေးကို ကုန်းမြင့်တဲ့ နေရာမှာတင်ပြီး
ထွက်ပြေးတယ်...
အမေရယ် ဘယ်အထိများပြေးနိုင်ခဲ့တာလဲ"

ကြွေးဟောင်းလည်းမဆပ်နိုင်ခဲ့
ကြွေးသစ်လည်း မချနိုင်ခဲ့တာ
ဟော့ဒီမုန်တိုင်းပါပဲ
ဒီရေ လှိုင်းလုံးကြီးတွေ တ၀ုန်းဝုန်း တက်လိုက် ဆင်းလိုက်
အဆိပ်မြားလို မိုးရေစက်တွေက
ဘ၀အားလုံးကို စုတ်ပြတ်သွားစေခဲ့တယ်

"တိုက်နေတဲ့ လေကြမ်းတွေစဲ
ဒီလှိုင်းလုံးကြီးတွေ ပြန်ဆွဲသွားတော့
ကျွန်မဖက်ထားတဲ့ သစ်ပင်နဲ့ ကျွန်မကျောပြင်
ခွဲခြားလို့ရမယ် မထင်တော့ဘူး"

"အမေရယ် ၊ အစ်မရယ်၊ တူလေးရယ်
တစ်ရွာလုံးလည်း မြေပုံထဲက ဆွဲဖယ်ခံ ရသလို
ပျောက်ဆုံးသွားလိုက်တာ
အသက်ဆိုတာ
လှိုင်းရိုက်ပြီး သောင်စပ်မှာ လာတင်တဲ့
အမှိုက်တွေ လိုပါပဲ အမေ"

ရွာလေးတစ်ရွာပေါ့
ရက်လည် ဆွမ်းသွပ် ဖိတ်စာတစ်စောင်တည်းမှာ
နာမည်သုံးခု ရိုက်ထည့်ပြီး
မြစ်ဝကျွန်းပေါ်ရဲ့ အရိုင်းဆုံး သမိုင်း
မုန်တိုင်းကို သရုပ်ဖော်ခဲ့ကြတယ်။ ။



မင်းစိုးရာ
မေရဲ့ပန်းပွင့်(သို့မဟုတ်)ကမ်းပါးပေါ်က ကျွံကျသွားသော
နာဂစ်နေ့၊ နာဂစ်ည၊ နာဂစ်အလွန် ခံစားမှု ကဗျာများ. . .စာအုပ်မှ


ကျောင်းတွေပြန်ဖွင့်ကုန်ပြီ အေးမိစံ

ကျွန်မပြန်လာခဲ့မယ်ပြောပြီး
သူရောက်မလာတော့
ငါအရမ်းစိတ်ပူနေတယ်ကွာ. . .
မူလတန်းကျောင်းလေးနဲ့ ကလေးတွေက
ညှိုးငယ်စွာဖြင့်
ခေါင်းလောင်းထိုးသံလေးကို ရပ်စောင့်နေကြလေရဲ့ . . .

ဟေ့ရောင်
နာဂစ်ဆိုတာ
အစွန်းရောက်အနက်ရောင်ကုန်သည်ကြီးတစ်ဦးပဲ
မင့်ကောင်မလေး ဌေးယဉ်လည်းပါသွားတယ်
ငါ့ကျောင်းဆရာမလေးနဲ့ သူ့ညီမဝမ်းကွဲလေးလည်း
လိုက်ပါသွားတယ်
ငါတို့ အဒေါ်၊အစ်မ၊ညီလေးတွေနဲ့
သူငယ်ချင်း အသိမိတ်ဆွေတွေကိုလည်း
အဲဒီကုန်သည်ကြီးက
တသီကြီး ဆွဲခေါ်သွားလေရဲ့ . . .

ကျော်သူ
ငါတို့ရဲ့ အိမ်ခေါင်းရင်းက
ကုက္ကိုပင်ပျိုလေးရော လဲသွားသေးလား
အခု ငါ့ရဲ့ဆံပင်တွေကနေ
မီးခိုးတွေ အရမ်းထွက်နေတယ်
သူသိထားတဲ့ ကျေးဇူးတရားတွေက
သူပြန်သန်းမယ့် အတောင်ပံတွေကို
ရေဆွတ်ပေးလိုက်တာလေ
သူပြောပြောနေတဲ့
ငါ့ရဲ့ရည်းစားဦးဟာ သူဖြစ်ပြီး
သူ့ရဲ့နောက်ဆုံးအချစ်က ငါဆိုတာလေ
စိတ်ချ နင့်ကိုငါဘယ်တော့မှ မမေ့ပါဘူးအေးမိစံ
ဘယ်တော့မှမမေ့ပါဘူး

နွေးနွေးဘာလေးမွေးတယ်ဆိုတာလဲ
သူ မသိသွားရှာဘူး
(သူပြန်လာမယ်ပေါ့)
ခေါင်းတလားနဲ့တူတဲ့ မော်တော်ဘုတ်ထဲ မဆင်းမီ
ငါးရက်အလိုလောက်က
ဖုန်းထဲမှာ ပြောသွားတဲ့
ငါ့ကို ပြောစရာစကားတွေ ရှိသေးတယ်ဆိုတာ
ဘာလဲ မသိဘူးကွာ
ဝဋ်ကြွေးပြေဘုရားဆီ
ငါ နောက်တစ်ခေါက်သွားတော့လည်း
နေညိုချိန်ထိ သူရောက်မလာခဲ့ဘူးလေ
ငါ့ရဲ့တစ်သက်
အဲဒီဘုရားမြေဟာ
ဘဝရဲ့လွမ်းစရာ အကောင်းဆုံး ဇုံပေပဲ
သူ့အပေါ်ထားတဲ့ ငါ၏ ချစ်ခြင်းများဖြင့်
သူမတစ်ယောက် ကောင်းရာ သုဂတိလားပါစေ. . .

ပိတောက်တွေ တစ်ကျော့ပြန်ပွင့်လို့
“ ဆရာမလေးကော” လို့မေးလာရင်
ငါဘယ်လိုပြန်ဖြေရမလဲ. . .ကျော်သူ
ငါအရမ်းလွမ်းတယ်ကွာ
လာမယ့် ဆောင်းဦးပေါက်
ကောက်ရိတ်သိမ်းပွဲတော်အပြီင်္း
တို့နှစ်ဦး မင်္ဂလာပွဲကို
သူတကယ် မတက်ရောက်နိုင်တော့ဘူးပေါ့
မတက်ရောက်နိုင်တော့ဘူးပေါ့. . .

“ဒါဝင်” ကို သတိရရင်တောင်
ဝက်စမင်စတာ ဘုရားကျောင်းထဲက
သူ့အုတ်ဂူဆီ သွားလို့ရတယ်
မော်ဒယ် “အန်နာနစ်ကိုလ်စမစ် ” ကို လွမ်းတဲ့အခါလည်း
ဘဟားမားကျွန်းပေါ်က
သူမရဲ့အုတ်ဂူလေးဆီ သွားလို့ရတယ်
အခု သူ့ကိုငါ လွမ်းနေပြီလေ
ဘယ်မလဲ သူမရဲ့ အုတ်ဂူ
ဘယ်မလဲ သူမရဲ့ အရိုးအိုး
ငါ မတရားမပြောပါဘူး
တို့နှစ်ယောက် ပြီးမှသာ
ရှိတ်စပီးယားပြဇာတ်ထဲက
ကောင်လေးနဲ့ ကောင်မလေးက
ဒုတိယ ကံအဆိုးဆုံးပါ
ကျော်သူ .....
ပွတ်ရှကင်တော့
နောက်ထပ် သေနတ်မှန် ခံရပြန်ပြီ. . .။

သူရနီ

(မေရဲ့ပန်းပွင့် . . .နာဂစ် ကဗျာစုစည်းမှုစာအုပ်မှ. . .)

1 comment:

  1. Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete