Posts

Showing posts from January, 2010

အရောင်များဆီ တိုးဝင်ကြည့်ခြင်း

(၁)
စက္ကူစ ဖြူဖြူလေးတွေ ကြေမွ လွင့်စင်သွားတဲ့အခါ စိတ်ထဲ အထီးကျန်မှုဟာ အရောင်တွေအဖြစ် ၀င်ရောက်လာခဲ့တယ်။ စိမ်းညို့ အုံ့ဆိုင်းနေတဲ့ သစ်ပင်တွေနဲ့ အရိပ် ဒါမှမဟုတ် စိတ်သက်သာရာ ရစေမယ့် အရောင် တစ်ခုခုတော့ လူတစ်ယောက်ရဲ့ဘ၀မှာ အမှန်တကယ် လိုအပ်မှာပါပဲ။ စံပယ်ပန်းလေးလို ဖြူဆွတ် မွှေးပျံ့ခြင်း၊ ချစ်သူရဲ့ ပန်းသွေးနုရောင် နှုတ်ခမ်းတွေလို ချိုရီ နူးညံ့ခြင်း တစ်ခုခုပေါ့ . . .။ တိတ်ဆိတ်ခြင်းတွေဆီ စိတ်နဲ့တိုးဝင်သွားတော့ ပိန်းပိတ်အောင် ဖြူတဲ့ နှင်းရဲ့ အရောင်ကို တွေ့ရတယ်။ အမှောင်မှာ ညှိုးငယ်ဆိတ်ငြိမ်စွာ ထိုင်နေပါတယ် ဟိုးဝေးဝေးက အလင်းရောင်ရယ်. . .

(၂)
ငယ်ဘ၀ရဲ့မိုးတိမ်တွေ အိမ်အပြင်တွင် ညှို့နေတုန်းပင် ရှိလိမ့်မည်။ ပျိုးခင်းစိမ်းစိမ်း လယ်ကွင်းတွေ၊ တက်ရေနှင့်အတူ ၀ါဆို၊ ၀ါခေါင်မိုးကလည်း ဖွေးဖွေးလှုပ်မျှပင်။ ချမ်းလွန်းလှ အေးလွန်းလှသည်။ သို့သော် ပျော်လည်း ပျော်နေပြန်သည်။ ၀မ်းနည်းသည့် အခါလည်း ရှိတတ်ပြန်သည်။ ဘယ်အချိန် ဘယ်နေရာပဲ ရောက်နေရောက်နေ ငယ်ဘ၀ရဲ့မိုးရာသီတွေဆီ သတိရ ဆွတ်ကျင်ရသည်မှာ ဘယ်တော့မှ မကျက်တော့မယ့် ဒဏ်ရာကို ခင်တွယ် ယုယရသလို ရင်၌နင့်နင့်သည်းသည်း ဖြစ်ရသည်။ နာကြင်ဖွယ် မိုးရေစက်တွေလို မမေ့ပေ…

ငှက်ကလေး…

ငှက်ကလေး…

မင်းလာနားပုံကမယုံနိုင်စရာ
တိုးတိတ်ညင်သာလွန်းရဲ့
ရှုခင်းမဲ့ပြတင်းပေါက်အသေထဲ
မင့်ရဲရင့်ဖျတ်လတ်တောင်ပံခတ်သံ

နဲ့
အမှန်တွေဟာသက်ဝင်လင်းပြက်လို့

ငှက်ကလေး…
မင်းဟာ ကမ္ဘာဦးဂူနံရံမှာ
ငါရေးခြစ်ခဲ့တဲ့ သိစိတ်မဲ့ပန်းချီကား
အလင်းကန်းနေတဲ့ မျက်လုံးတွေရဲ့တံခါးကို
မင်းရင်ထဲကသီချင်းစာသားနဲ့ ဖွင့်ခဲ့တယ်…

အရှုံးမဟုတ်ဘူး ငှက်ကလေး…
ငြိမ်းချမ်းရေးဆိုတာ
ချစ်ခြင်း မေတ္တာရဲ့ ထိုးမြဲလက်မှတ်ပါ
မင်းပျံသန်းသွားပြီးတဲ့နောက်မှာ
ငါဟာ ငြိမ်းချမ်းစွာချစ်ခဲ့တယ်…
ငါဟာငြိမ်းချမ်းစွာ…
ငါဟာ…

ငှက်ကလေး…
မင်းစတေးခဲ့တဲ့တောင်ပံတွေရဲ့ တံစက်မြိတ်မှာ
ငါ့အမှောင်စိတ်သွေးတိတ်ခဲ့ပေါ့
မရေရာသူတွေရဲ့ စကားမှာတော့
မင်း ပျံသန်းပျောက်ပျက်ခဲ့ပြီတဲ့
ရင်ထဲကိုလာနားတဲ့ ငှက်ဆိုတာ
တစ်သက်လုံးပျောက်ပျက်ဖို့ ပျံသန်းမှာ မဟုတ်ဘူး
ငါ အဲဒီလို ယုံကြည်ဖွဲ့ဆိုခဲ့တယ် ။ ။

မင်းစိုးရာ

နေကောင်းလား ကောင်းကြီး

နေကောင်းလား ကောင်းကြီး
ပုသိမ်မှာတော့
လမ်းကြိတ်စက်အောက်
ကျောက်ခဲလေး ရောက်သွားပြီ သူငယ်ချင်း။

ရင်ပြင်တော်ပေါ်
ခြောက်သွေ့သွားတဲ့ ငါတို့ရဲ့ အပျော်တွေ
ညီတွေ၊ညီမတွေ လှည်းကျင်းနိုင်ရဲ့လား
ဘုရားနား နီးတော့ ဘုရားအကြောင်း
စာအုပ်နား နီးတော့ စာအုပ်အကြောင်း
မင်းအနား မနီးပေမယ့် မင်းအကြောင်း
နေကောင်းရဲ့လား ကောင်းကြီး။

ကောင်းကြီးရေ . . .
မင်းသွေးထဲ အေးခဲနေတဲ့ ရော့(ခ်)သီချင်းတစ်ပုဒ်လို
ငါတို့ကို သတိရပါ
မင်းပြောခဲ့သလိုပေါ့
တကယ့် အဖြစ်အပျက်ထက်
တကယ် ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို စားမြုံ့ပြန်ရတာ
ပိုအရသာ ရှိပါတယ်။

နေကောင်းလား ကောင်းကြီး
မင်းကျောင်းတက်နေရပြီဆို
ငါတို့ကတော့
ဘဂ္ဂဒက်မှာ မထူးဆန်းတော့တဲ့ လမ်းဘေးဗုံးပဲ
ကွဲချင်လည်း ကွဲပေါ့။

ပုသိမ်မှာတုန်းက ရန်ကုန် ဘယ်ဘက်မှာလဲလို့ မေးတော့
မင်းကောင်မလေးအိမ်ဘက် မင်းက လက်ညှိုးထိုးပြတယ်
အခုတော့ ပုသိမ်ဆိုတာ
ချစ်သူတွေ ရှိရာ အရပ်လို့
ငါလည်း မှတ်သားတတ်နေပြီ သူငယ်ချင်း။

နေကောင်းလား ကောင်းကြီး
စနေ၊ တနင်္ဂနွေဆို ငါနဲ့ကြက်ဖလေး နှစ်ယောက်
ရန်ကုန်မြို့ထဲ ရှိသမျှ လမ်းတွေ အကုန် လိုက်လျှောက်တာပဲ
ဒါပေမယ့် ဘယ်မှ မရောက်ပါဘူး
နောက်ဆုံးတော့ လပွတ္တာသား ကဗျာဆရာနှစ်ယောက်ရဲ့
သမိုင်းလမ်းဆုံက သတ်သတ်လွတ် …