အရောင်များဆီ တိုးဝင်ကြည့်ခြင်း

(၁)
စက္ကူစ ဖြူဖြူလေးတွေ ကြေမွ လွင့်စင်သွားတဲ့အခါ စိတ်ထဲ အထီးကျန်မှုဟာ အရောင်တွေအဖြစ် ၀င်ရောက်လာခဲ့တယ်။ စိမ်းညို့ အုံ့ဆိုင်းနေတဲ့ သစ်ပင်တွေနဲ့ အရိပ် ဒါမှမဟုတ် စိတ်သက်သာရာ ရစေမယ့် အရောင် တစ်ခုခုတော့ လူတစ်ယောက်ရဲ့ဘ၀မှာ အမှန်တကယ် လိုအပ်မှာပါပဲ။ စံပယ်ပန်းလေးလို ဖြူဆွတ် မွှေးပျံ့ခြင်း၊ ချစ်သူရဲ့ ပန်းသွေးနုရောင် နှုတ်ခမ်းတွေလို ချိုရီ နူးညံ့ခြင်း တစ်ခုခုပေါ့ . . .။ တိတ်ဆိတ်ခြင်းတွေဆီ စိတ်နဲ့တိုးဝင်သွားတော့ ပိန်းပိတ်အောင် ဖြူတဲ့ နှင်းရဲ့ အရောင်ကို တွေ့ရတယ်။ အမှောင်မှာ ညှိုးငယ်ဆိတ်ငြိမ်စွာ ထိုင်နေပါတယ် ဟိုးဝေးဝေးက အလင်းရောင်ရယ်. . .

(၂)
ငယ်ဘ၀ရဲ့မိုးတိမ်တွေ အိမ်အပြင်တွင် ညှို့နေတုန်းပင် ရှိလိမ့်မည်။ ပျိုးခင်းစိမ်းစိမ်း လယ်ကွင်းတွေ၊ တက်ရေနှင့်အတူ ၀ါဆို၊ ၀ါခေါင်မိုးကလည်း ဖွေးဖွေးလှုပ်မျှပင်။ ချမ်းလွန်းလှ အေးလွန်းလှသည်။ သို့သော် ပျော်လည်း ပျော်နေပြန်သည်။ ၀မ်းနည်းသည့် အခါလည်း ရှိတတ်ပြန်သည်။ ဘယ်အချိန် ဘယ်နေရာပဲ ရောက်နေရောက်နေ ငယ်ဘ၀ရဲ့မိုးရာသီတွေဆီ သတိရ ဆွတ်ကျင်ရသည်မှာ ဘယ်တော့မှ မကျက်တော့မယ့် ဒဏ်ရာကို ခင်တွယ် ယုယရသလို ရင်၌နင့်နင့်သည်းသည်း ဖြစ်ရသည်။ နာကြင်ဖွယ် မိုးရေစက်တွေလို မမေ့ပျောက်နိုင်စရာ။ ခုချိန်ထိ စွဲလမ်းစွာ၊ စွဲမြဲစွာ မက်နေရတဲ့ မယဉ်မရိုင်း အိပ်မက်တွေပါပဲ။ မိုးတွေ သည်းလျှင်ဖြင့် အိမ်ကို လွမ်းမြဲလွမ်းရသည်။

(၃)
ဒုတိယနှစ်ကျောင်းသားဘ၀က အသံတွေမှာ အရောင်ရှိသည်ဟု ယုံကြည်ကာ သူငယ်ချင်းတွေရဲ့ အသံကို အရောင်ခွဲကြည့်ခဲ့ဖူးသည်။ တချို့က ၀ါဂွမ်းလေးလို ဖြူနုသောအရောင်ဖြင့် နှုးညံ့လှသည်။ တချို့ကျတော့ ရေလို ကြည်လင်သော အရောင်ဖြင့် လေညှင်းလို ညင်သာသည်။ သွေးလို နီမှောင်၍ ရဲရင့်သည်။ မိုးသားလို ပြာစင်၍ ငြိမ်းချမ်းသည်။ ရွှေလို ၀င်းဝါ၍ တည်ငြိမ်ခန့်ထည်သော အရောင်လည်းရှိသည်။ တချို့အသံက ငရုပ်သီးမှည့်လို စူးရဲ၍ ပူလောင်သည်။ တချို့အသံက လမိုက်ညလို နက်မှောင်၍ ရာသီဥတုသာယာသလို ပကတိ ရိုးသားသည်။ လပြည့်ညလို လင်းပ၍ ကြင်နာနွေးထွေးခြင်းလည်းရှိသည်။ တချို့က ကောက်ရိုးလို ၀ါကျင် ခြောက်သွေ့၍ လျှို့ဝှက်သည်။ တချို့ကျတော့ သစ်ပင်တွေလို စိမ်း၍ အရာရာ ပေးဆပ် ဖြည့်ဆည်းလိုသည်။ ပန်းရောင်၊ လိမ္မော်ရောင် စသဖြင့် မျိုးစုံပင်။ ပြောင်းဖူးရောင်၊ နွားနို့လို ကွေကာအုပ်လို ဖြူဖြူဥဥ အရောင်တွေကိုပင် ထူးထူးခြားခြား ရူးသွပ်စွာ ခွဲခြားကြည့်ခဲ့ဖူးသည်။ ထိုအချိန်က ကျွန်တော် ပျော်နေခဲ့သည်။ စိတ်ပျက်အားငယ်စရာ၊ ၀မ်းနည်းနာကျင်စရာတွေ ရှိခဲ့ပေမယ့် ထိုအရောင်တွေနှင့် ကျွန်တော် ပျော်နေခဲ့ပါသည်။
ပစ္စုပ္ပန်ကို ရင်ဆိုင်ဖို့ အတိတ်ကို ကျောခိုင်းပြစ်ခဲ့သည်။ ချစ်လျက် စွန့်လွတ်ခဲ့ရသော အဖြူနှင့် နက်ပြာသည် မချစ်ဘဲ အောင့်ကာနမ်းခဲ့ရသော လျှပ်စစ်မီးရောင် ပြိုးပြက်ပြက် အောက်တွင်ေ၀၀ါး၍ ကျန်နေခဲ့သည်။ မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ ဝေးရာ. . . ချစ်သော အရောင်တွေနဲ့ ဝေးရာ. . .။ ခေတ်ရဲ့ တောင်းဆိုရာ ရွှေ့ပြောင်း မျောပါလာခဲ့သော တစ်ခုတည်းသော အညှာရဲ့ အသီးတစ်ရာထဲမှာ အသီးကလေး တစ်လုံးမျှသာ။ အိမ်နဲ့ ဝေးရာ ထွက်ခွာလာခဲ့သော ခြေလှမ်းတွေသည် အိမ်ဆီ ပြန်ဖို့ရာ ခက်ခဲတတ်မှန်း ခုမှသိခဲ့ရသည်။ ခေတ်သည် အရာရာ ပြောင်းလဲပစ်ခဲ့ပြီ။ တိုးတက်ခဲ့ပြီလား။ ကျွန်တော်တို့နှင့် အလှမ်းကွာသော တစ်ခြားနယ်ပယ်မှ အကြောင်းအရာများကို ရှည်ဝေးစွာ မစဉ်းစားဘဲ ထားခဲ့နိုင်လေသည်။ သို့သော် ကျွန်တော်တို့နှင့် အနီးစပ်ဆုံး ရင်ထဲက နှလုံးသားကိုတော့ သံသယရှိစွာ မေးခွန်းထုတ် ရလိမ့်ဦးမည်။ ချစ်ခြင်းနှင့် ဖွဲ့သီထားသော သံယောဇဉ် အသီးအခိုင်လေးတွေ တချို့ ကြွေကျလွင့်စင်လျက်၊ တချို့ ရိုးတံညှာလေးတွေ နာကျင် နွမ်းနယ်လျက်၊ တချို့ ခြောက်သွေ့ အထီးကျန်လျက်။ တချို့ သူငယ်ချင်းတွေက မြို့ကြီးရဲ့ လမ်းမတွေဆီ တိုးဝင် ပျောက်ကွယ်သွားကြသည်။ အရောင်တွေက လင်းလွန်းလို့ ဘာမှ မမြင်နိုင်အောင် ပူလောင် ပြင်းပြလွန်းသည်။ တချို့ သူငယ်ချင်းတွေက အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးရဲ့ စက်လှေခါးထစ်တွေပေါ် လိုက်ပါလျက် ပျောက်ကွယ်သွားကြသည်။ မမြင်ရတော့။ ကောင်းကင်ကို မော့ကြည့်ငေးမော လွမ်းဆွတ်ရန်သာ။ တချို့က သစ်ရိပ်ဝါးရိပ်၊ တချို့က မြစ်ချောင်းအင်းအိုင်၊ တချို့က စက်ရုံတွေဆီ၊ တချို့က ဘတ်(စ)ကားတွေပေါ်၊ တချို့က လူစီးကြောင်းကြီးထဲ အသီးသီး တိုးဝင်လျက် ပျောက်ကွယ်သွားကြသည်။ တခါတရံ ပြန်ပေါ်လာပြီး တွေ့ဆုံကြ။ ခဏမျှသာ။ သူသောက၊ ကိုယ့်ဗျာပါဒတွေနဲ့ လောင်မြိုက်လျက် အပူမီးကို ကူညဉ်းရန်ပင် စကားဟဟ မဆိုနိုင်။ တစ်ခန်းတည်း အတူတူရှိနေလျက် တိတ်ဆိတ်ခြင်းက သွေးပျက်လောက်အောင် ချောက်ခြားဖွယ် ကောင်းတော့သည်။ အခုတော့ သူငယ်ချင်းတွေရဲ့ အသံဟာ အရောင်ပြောင်းသွားခဲ့ပြီ။ အားလုံးရဲ့ အသံဟာလည်း အရောင် ပြောင်းသွားခဲ့လေပြီ။

(၄)
ဟိုးအဝေး မြို့ငယ်လေးတွင် တိတ်ဆိတ် အေးချမ်းစွာ နေရစ်ခဲ့သော သူငယ်ချင်းဝီရကို သတိရနေမိသည်။ မကြာခင် ရက်ပိုင်းက မဂ္ဂဇင်းတစ်စောင်တွင် သူ့ရဲ့ အက်ဆေးတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ သူ့ရဲ့ ကဗျာတွေ အက်ဆေးတွေကို ယခုလိုပင် မကြာခဏ တွေ့ရတတ်မြဲ။ တစ်ခါတရံ ၀တ္ထုတိုလေးတွေ တွေ့ရတတ်သည်။ သူကမြို့လေးတွင် သူ့ရဲ့ ဂီတမိတ်ဆွေတွေနှင့် သီချင်းတွေရေးလိုက်၊ ဆိုလိုက်။ စက်ဘီးလေး တစ်စီးနဲ့ မြို့ထဲမှာ တွေ့ရလိုက်။ ညဦးပိုင်း လက်ဖက်ရည်ဆိုင်တွင် ဂစ်တာတစ်လက် ပိုက်လျှက် သို့မဟုတ် စာပေမိတ်ဆွေ တစ်ဦးစ နှစ်ဦးစနဲ့ အတူထိုင် နေလိုက်ဖြင့် တွေ့ရသည်။ စားဝတ်နေရေးအတွက် မိသားစုအလုပ်တွင် ဝိုင်းဝန်း လုပ်ကိုင်လိုက်ဖြင့် သူ့ကို တွေ့ရသည်မှာ ရိုးရှင်းသည်ဟု ထင်ရသည်။ မြို့လေးသို့ ပြန်ဖြစ်သည့်အခါ ခဏတဖြုတ်တော့ သူနှင့် ဆုံဖြစ်သည်။ ကျွန်တော်က အကြောင်းအရာ ပေါင်းများစွာ၊ အာရုံပေါင်းများစွာဖြင့် ရွေ့လျားနေရသဖြင့် သူနှင့် တွေ့ရသည်မှာ မိနစ်ပိုင်းမျှသာ။ တွေ့ရတိုင်းတွင်လည်း သူက အေးဆေးမျှတစွာ။ သူ့တွင် ဘာဗျာပါဒမှ မတွေ့ရ။ ပူပင်မှု မတွေ့ရ။ အလျင်စလို ကိစ္စတွေ၊ အရေးကြီး တွေ့ဆုံစရာတွေ၊ မဖြစ်မနေ အလုပ်တွေ မရှိသလိုပင် ငြိမ်သက်လှသည်။ သူ့တွင် တွေ့ရသော အရောင်မှာ သူ့ကဗျာတွေ အက်ဆေးတွေထဲက လိုပင် အဖြူထည်။ သူ့အက်ဆေးထဲတွင် ဖတ်ရသော စံပယ်ပန်းကုံး လေးတွေလိုပင် ဖြူစင် မွှေးပျံ့နေသည်။ တကယ်တော့ သူလည်း လူသားတစ်ဦး နည်းတူပင် အခက်အခဲတွေ၊ ပူပင်သောကတွေ၊ ပျော်ရွှင်စရာ ဝမ်းနည်းစရာတွေ ၊ အချစ်အမုန်းတွေ၊ အလွမ်းအဆွေးတွေ ရှိနေမည်မှာ အမှန်ပင်။ သို့သော် ထိုအပူအပင် အပျော်အမောတွေ အပေါ် သူ၏ တုန့်ပြန်ပုံမှာ တစ်ပါးသူ ရိပ်စား ကူးစက်မှု မရှိအောင် သွေးအေး တည်ငြိမ်လွန်းသဖြင့် ယောက်ယက်ခတ် တတ်လွန်းသော ကိုယ့်ကိုယ်ကိုယ်ပင် သိမ်ငယ်မိသည်။

(၅)
၂၀၀၄ ခုနှစ်က ရွာသွန်းခဲ့သော မိုးရေစက်များကို ကျွန်တော် ချစ်သည်။ ထိုစဉ်က တတိယနှစ် ကျောင်သားဘဝ ဖြစ်သည်။ မနက်ခင်းသည် ပြာပြာစင်စင် ကြည်လင်လျှက် မိုးရနံ့နှင့် ဆွတ်ကျင် အေးမြသည်။ ကျောင်းသွားရန် ပြင်ဆင် နေရင်းကပင် စိတ်ထဲ ပျော်ရွှင်လာမိသည်။ ကျောင်းသွားရမည်။
ကျောင်းတွင် သူငယ်ချင်းတွေ ရှိသည်။ ပြီးတော့ ကျောင်းတွင် ချစ်ရသူရှိသည်။ ထိုအချိန်က အရာရာ အဆင်ပြေနေသည် တော့လည်း မဟုတ်။ အမှန်အတိုင်း ဝန်ခံရလျှင် ယနေ့တိုင် မေ့ပစ်ချင်လျှက် သတိရနေရသော နေ့ရက်များစွာ ထိုအချိန်က ရှိခဲ့ဖူးသည်။ သို့သော် ပျော်မိသည်။ လူငယ်တစ်ယောက်ရဲ့ မေတ္တာစိတ်သည် အရာရာ ပကတိအတိုင်း တုန့်ပြန် ခံစားဖို့ရာ ရိုးသားစွာ အဆင်သင့် ရှိနေခဲ့သည်။ ကျောင်းကို ရောက်တော့ ကျောင်းလမ်း တစ်လျှောက် လတ်ဆတ်သော လေနှင့်အတူ မြေသင်း ရနံ့ကို ရသည်။ ထိုစဉ်က မြေကြီးရဲ့ ရနံ့ကို ယခုတိုင် မမေ့သေး။ သားငယ်ကို ထွေးပွေ့ထားသော မိခင်တစ်ယောက်ရဲ့ နွေးသောရနံ့ဖြစ်သည်။ စာသင်ခန်းရှေ့က ပိတောက်ပင်မှ အရွက်များကလည်း စိမ်းညို့လျှက် လေပြေအလာတွင် ရွက်ဖျားများ တဖျတ်ဖျတ်လှုပ်ကာ တွဲခို ဥနေသော မိုးရေစက်များကို ခါချနေသည်။ ကြည့်ရသည်မှာ ရေစိုသဖြင့် ကိုယ်လုံးလေး သိမ့်သိမ့်တုန်အောင် ခါချပစ်လိုက်သော မွေးပွခွေးပေါက်စလေး တစ်ကောင်နှင့်ပင် တူနေသည်။ ညကမိုးတွေ သည်းစွာ ရွာခဲ့သည်ပဲ။
သူ့အခန်းဘက်က ပြတင်းပေါက်တွေ ကျွန်တော် လိုက်ဖွင့်သည်။ အရှေ့ဘက် မိုးကောင်းကင်မှ နေရောင်ခြည်သည် ချစ်ရသူရှိရာ စာသင်ခန်းလေးဆီ ဖြာကျလျှက် ပတ်ဝန်းကျင်တစ်ခုလုံး စိမ့်စိမ့်လေး နွေးနေသည်။ကျွန်တော်သူရှိရာသွားတော့ ညကမိုးစိုသဖြင့် ပွင့်ရသော စံပယ်ပန်းပွင့်လေးလို ချစ်ရသူက လန်းဆန်း မွှေးမြလျှက်၊ မှုန့်ညက်ဖြူလွင်လျှက် ။ စံပယ်ပွင့်လေး သေလို့ ဝင်စားတဲ့ မိန်းကလေးဟု ကျွန်တော်က ချစ်စနိုး တင်စားခဲ့ဖူးသည်။ သူ့ကို ကျွန်တော်ချစ်သည်။ ထိုအချစ်ကြောင့်ပင် ကျွန်တော် ပျော်ခဲ့သည်။ သူ့ကြောင့်ငိုခဲ့ ၊ သူ့ကြောင့်ရယ်ခဲ့၊ သူ့ကြောင့်ပျော်ရွှင်ခဲ့၊ သူ့ကြောင့် ဝမ်းနည်းခဲ့သည်။ သူ့ကို ချစ်တဲ့စိတ်သည် ရိုးသားခဲ့ပါသည်။ ကျွန်တော့်အပေါ် သက်ရောက်သည့်အတိုင်း ကျွန်တော်က တုန့်ပြန်ခဲ့သည်။ သူက အဖြူဆို ကျွန်တော်လည်း အဖြူ၊ သူက အပြာဆို ကျွန်တော်က အပြာပေါ့။ သူ့မိသားစု၊ သူ့ဘဝတစ်စိတ်တစ်ပိုင်း အကြောင်း ခင်မင်စိတ်နှင့် ပြောပြစဉ်က ပျော်ရွှင်၍ ဖေးမ နားထောင်ခဲ့သည်။ မိုးတွေရွာတုန်း သူ့ထီးအောက်မှ မလိုက်ရန် ရှက်ရှက်နှင့် ပြောတော့ ကျွန်တော့်မှာ ဝမ်းနည်းလို့ မဆုံး။ ထိုစဉ်က သူ့အရွယ် နုငယ်လွန်းသည်ကို မတွေးအား ဝမ်းနည်းရန်သာ စိတ်ဇောက ထက်သန်ခဲ့သည်လေ။ သူနှင့် ပတ်သက်လျှင် ကျွန်တော်ဟာ ရိုးတံနာနေတဲ့ သစ်ရွက်လေးလို၊ ဖျက်ကနဲ အက်ကွဲသွားတော့မယ့် မြေပန်းအိုးလေးလို အရာရာ ထိလွယ်ရှလွယ် နုနယ်လွန်းသည်။ သူ့အတွက် ကဗျာတွေ ရေးခဲ့သည်။ သူ့အတွက် ကျောင်းစာတွေ ကြိုးစားခဲ့သည်။ သူ့အတွက် အိပ်မက်တွေ မက်ခဲ့သည်။ သူ့အတွက် သန့်စင်ခဲ့သည်။ သူ့အတွက် ရိုးသားခဲ့သည်။ သူ့အတွက် ရဲရင့်ခဲ့သည်။ သူ့အတွက် ချစ်ခဲ့သည်။ သူ့အတွက် ရှင်သန်ခဲ့ပါသည်။

(၆)
ပြန်စဉ်းစားကြည့်လျှင် ထိုစဉ်ကလို ရူးသွပ်မှုမျိုးဖြင့် မိန်းကလေးတစ်ယောက်ကို ချစ်ဖို့ရာ ယခုအချိန်တွင် မဖြစ်နိုင်တော့သည်မှာ အမှန်ပင်။ သူ့အပေါ် ခိုင်ကျည် တည်တံ့နေသော သစ္စာတရားနှင့် သူနှင့် ပတ်သက်ပြီး ပေါ်ပေါက်ခဲ့သော စွဲလမ်းမက်မောမှုမျိုး နောက်တစ်ကြိမ် ပြန်မရနိုင်တော့။ ထိုရူးမူးလွတ်လပ်သော အချစ်ဆီချဉ်းကပ်ဖို့ရာ ကျွန်တော်တို့စိတ်တွင် ရိုးသားသော အရောင်အဆင်း လုံလောက်အောင် မရှိတော့ခြင်းကြောင့် ဖြစ်မည်။ ခုအချိန် မိန်းကလေး တစ်ယောက်ကို စိတ်ဝင်စားမိသည် ဆိုလျှင် အလုံးစုံ ရိုးသားခြင်း မဟုတ်ကြောင်း ဝန်ခံရပါလိမ့်မည်။ ထို့အတူပင် တစ်ခြားသူတွေဆီမှာ ရှိသောမာယာ အရောင်အဆင်းတွေကိုလည်း ကျွန်တော်က အလိုလို ရိပ်စားမိလျှက်သား ဖြစ်နေပြန်သည်။ ရိုးသားမှုကို မတွေ့ရ။ ကိုယ့်တွင် မရှိသော အရာတစ်ခုကို တစ်ပါးသူထံတွင် ရှာဖွေခြင်းမှာ တရားမျှတမှု ရှိပါ့မလား။ သို့မဟုတ် မိုက်မဲခြင်းလား။ မေးခွန်းတွေက မွန်းကြပ်ဖွယ် ကောင်းလှသည်။ ထို့ကြောင့်ပင် ကျွန်တော် မချစ်သော မိုးရာသီများ အကြောင်းကို ပြောဆိုရန် မသင့်တော်တော့ပါ။

(ရ)
ကျွန်တော် သူ့ကို လွမ်းနေပါသည်။ ဟိုးအဝေး ဇာတိမြို့ငယ်လေးမှ သူငယ်ချင်းဝီရကို လွမ်းသည်။ ၂၀၀၄ခုနှစ်က ရွာသွန်းခဲ့သော မိုးရေစက်များကို လွမ်းသည်။ ဒုတိယနှစ် ကျောင်းသားဘဝက သူငယ်ချင်းတွေရဲ့ အသံကို လွမ်းသည်။ ငယ်ဘဝရဲ့ မိုးတိမ်တွေကို လွမ်းသည်။ မိသားစုနှင့် အိမ်ကို လွမ်းသည်။
“တကယ်တော့ လွမ်းတယ်ဆိုတာ စံပယ်ပန်းလေးတွေကို သီငင်ရသလိုမျိုးပဲ ဖြစ်သည်” ဟု ဝီရကတော့ သူ့အက်ဆေးထဲတွင် ရေးခဲ့သည်။ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာသည် အရောင်အသွေးများစွာဖြင့် စုံလင်လှသည်။ ရောင်စုံကမ္ဘာထဲတွင် နေထိုင်သော ကျွန်တော်တို့ကလည်း ကိုယ်ပိုင် အရောင်တစ်ခုစီဖြင့် ရှင်သန် ထွန်းလင်းကြရမြဲပင်။ မိမိရဲ့ ကိုယ်ပိုင်အရောင်သည် တခြားသူ စိတ်ထိခိုက် နာကျင်စေဖို့ထက် စိတ်ကျေနပ်ချမ်းမြေ့စေမည့် အရောင်ဖြစ်မည်ဆိုလျှင် များစွာ နှစ်လိုပျော်ရွှင်ဖွယ် ကောင်းလာလိမ့်မည်ဟု ထင်နေမိသည်။

ဖြူစင်ခြင်းသည် အလွမ်းဖြစ်မည် ဆိုပါက အဲဒီ ပန်းကလေးတွေကို ကျွန်တော် ကျေနပ်နှစ်သက်စွာ သီငင်နေချင်ပါသည်။


မင်းစိုးရာ
၂၉.၁၂.၀၉

Comments

Popular posts from this blog

ရွာလေးတစ်ရွာ ........ ကျောင်းတွေ ပြန်ဖွင့်ကုန်ပြီ အေးမိစံ

ပျော်ပျော်နေသေခဲ မော်တော်တွေရေထဲ

အူသံ