အူသံ

။။။။။။။။။။။။။။
အများနည်းတူ နေ့တစ်နေ့ရတယ်
ငတ်မွတ်တောင့်တစိတ်နဲ့ အော်ခေါ်လိုက်တဲ့ကိုယ့်အသံတွေ
မေတ္တာတရားရဲ့ နံရံက ပဲ့တင်မပြန်ဘူး။
ဘဝတစ်ခုတည်းနဲ့ ဘဝပေါင်းများစွာဖြတ်သန်းရတယ်
ရိုးရှင်းစွာနေထိုင်နိုင်ဖို့ ကိုယ့်ရိုးသားမှုကို ဘယ်နှကြိမ်
ကိုယ်နဲ့မတော်တဲ့ဖိနပ်တွေအတွက် ကိုယ့်ဖနောင့်တွေဘယ်နှကြိမ်
တိမ်ဝင်နေတဲ့ကိုယ့်အသံဟာ ကိုယ့်နားထဲ ငရဲလိုဆူလောင်နေတယ်။
လိုက်မေးကြည့်တယ်
တစ်လမ်းဝင်တစ်လမ်းထွက် တစ်မြို့ဝင်တစ်မြို့ထွက်
တစ်ကမ္ဘာဝင်တစ်ကမ္ဘာထွက်
အသက်ရှင်နေထိုင်မှုရဲ့အနက်အဓိပ္ပာယ်ကိုပြောပါလို့
နင်းထားတဲ့မြေကြီးအောက်မှာ အလောင်းကောင်များစွာ။
အချိန်တွေကုန်လွယ်လိုက်တာလို့ပြောမိတယ်
အချိန်တွေကုန်ခဲလိုက်တာလို့ ညဉ်းတွားမိတယ်
အတ္တအကျဉ်းခန်းလေးထဲ မူးမူးနဲ့ခေါင်းထိုးအန်ချလိုက်တော့
ကိုယ်ချင်းစာတရားနဲ့ ဘယ်အရာမှတည်ဆောက်လို့မရဘူးဆိုတဲ့ညတွေ
ကိုယ့်သိမှုနယ်ပယ်လေးထဲ မြွေလိုလျောဝင်လာတယ်။
မဟုတ်ဘူး
မဟုတ်သေးပါဘူးကွယ်
ငါကိုခွဲလိုက်တာ ငါပေါင်းများစွာထွက်လာ
ငါဟာ ငါ့သွေးကြောတွေထဲပျံ့နှံ့
ငါဟာ ငါ့ဦးနှောက်နဲ့ အာရုံခံစားမှုစနစ်ထဲပျံ့နှံ့
ငါဟာ ငါ့အဝိဇ္ဇာဥထဲကနေ ရင့်မာပေါက်ဖွားလာတာ။
သံကုန်ဟစ်ပြေးလွှားနေတဲ့
မကောင်းဆိုးဝါးရဲ့ အနက်ရောင်လျှာတစ်ချောင်းလို
သွေးရူးသွေးတမ်းလမ်းမတွေ
အဲဒီလမ်းမတွေပေါ် သွေးရူးသွေးတမ်းငါ့ညတွေ ပေါက်ခွဲမိ
တပ်မက်စိတ်နဲ့ ငြီးငွေ့မှုဟာ သွားရည်တမျှားမျှား
ငါ့စိတ်အသားပေါ်စီးကျနေတယ်
ဘာကိုမှမလိုအပ်ဘူးလို့ငြင်းဆန်မိတယ်
အရာရာလိုအပ်နေပါတယ်လို့ တိုးလျှိုးမိတယ်
ငါ့စိတ်နဲ့ငါ့ကိုယ်ငါ အပိုင်းပိုင်းခုတ်ထစ်
ပျစ်ခဲပူနွေးတဲ့သွေးစေးတွေနဲ့ တစ်စချင်းပြန်ဆက်လို့
ဘီလူးလက်ထဲက သားငယ်ကိုလုရတဲ့မိခင်လို
ငါ့ကိုယ်ငါပြန်လုနေတယ်
ပက်ထရစ်ဂရောင်းနေး *ရေ
ကိုယ်သင်းရနံ့တွေလည်း အမြဲမမွှေးဘူး
သွေးသားဆာလောင်တဲ့အနမ်းတွေလည်း အမြဲမပူနွေးဘူး
မီရာကားနဲ့လိုက်ခဲ့ပေမယ့်
သစ္စာတရားရဲ့အသက်ကိုမမီခဲ့သူပါ
ဆုံလည်နွားဟာ မလွတ်မှန်းသိရက်နဲ့ပြေးလွှားနေရတယ်။
*ပက်ထရစ်ဂရောင်းနေး- Perfume ရုပ်ရှင်ကားမှ ဇာတ်ကောင်နာမည်။
မင်းစိုးရာ
9.1.2014- 16.1.2014

Comments

Popular posts from this blog

ရွာလေးတစ်ရွာ ........ ကျောင်းတွေ ပြန်ဖွင့်ကုန်ပြီ အေးမိစံ

ပျော်ပျော်နေသေခဲ မော်တော်တွေရေထဲ

အဖျားသွေးငွေ့ငွေ့