ချမ်းသာတဲ့ ကလေးလေး

(၁)

“ ငါချမ်းသာချင်တယ်၊ငါသာချမ်းသာရင် လမ်းပေါ်က ကလေးတွေကို

နေစရာ၊ စားစရာ၊၀တ်စရာ၊ဆေး၊မေတ္တာနဲ့ အကြင်နာတွေပေးမှာ”

ကျွန်မ မရပ်မနားတွေးနေတယ်

ဘာမှမပိုင်ဆိုင်တဲ့ လမ်းပေါ်ကကလေးကတောင် သူပိုင်သမျှကိုမျှဝေပေးချင်တဲ့စိတ်ရှိသေးရင်

အားလုံးကိုပိုင်ဆိုင်ထားတဲ့ ကျွန်မတို့က ဘာလို့များဒီလောက်လောဘကြီးနေကြဦးမှာလဲ

နာရီ၊စက်ဘီး၊တီဗွီ၊ကွန်ပျူတာ

ကနေဒါမှာ ကျွန်မတို့ဟာ စားဝတ်နေရေး ဖူလုံကြွယ်ဝတဲ့ဘဝ

လွန်ခဲ့တဲ့နှစ်ရက်က ဘရာဇီးလ်လမ်းပေါ်က ကလေးတွေနဲ့ အချိန်ပေးပြီးတွေ့ဖြစ်ခဲ့တယ်

ဝယ်လိုက်လွှင့်ပစ်လိုက်၊ ၀ယ်လိုက်လွှင့်ပစ်လိုက်

ကျွန်မတို့နိုင်ငံမှာ ကျွန်မတို့ဟာ ဖြုန်းတီးနေပါတယ်

မြောက်ဖျားတိုင်းပြည်တွေက လိုအပ်နေသူတွေနဲ့မျှဝေသုံးစွဲတာမျိုး

လိုတာထက်ပိုလျှံနေသည့်တိုင်အောင်

ကိုယ့်ချမ်းသာသမျှထဲက ဖဲ့ပေးလိုက်ဖို့ကို တွန့်ဆုတ်နေကြပါသေးတယ်

ကျွန်မကဒေါသတွေနဲ့ ကန်းမနေပါဘူး ၊ သောကတွေကလည်း ခံစားချက်အမှန်အတိုင်း

ကမ္ဘာကိုထုတ်မပြောဖို့ မတားဆီးနိုင်ပါဘူး

(၂)

ကိုယ့်စရိတ်ကိုယ်ရှာ ကနေဒါကနေ ရီယိုမြို့တော်အထိ မိုင်ခြောက်ထောင်ခရီး

သင်လူကြီးမင်းတို့ရဲ့ အပြုအမူ ၊ အကျင့်အကြံတွေကို

ပြောင်းလဲရမယ်ဆိုတာ ပြောပြဖို့လာခဲ့တာပါ

အနာဂတ်မျိုးဆက်တွေအတွက်

ကမ္ဘာပေါ်က ငိုကြွေးနေပေမယ့်

သူတို့ငိုသံကို ဘယ်သူကမှ မကြားကြတဲ့ကလေးတွေအားလုံးအတွက်

ကမ္ဘာပေါ်မှာ သွားစရာနေရာရယ်လို့ မရှိတော့တဲ့ တိရစ္ဆာန်တွေကို ကိုယ်စားပြုဖို့အတွက်

ကျွန်မဒီနေရာကို စကားလာပြောတာပါ

ကျွန်မက ကျွန်မအနာဂတ်ကိုတိုက်နေရတာ

အနာဂတ်ကိုဆုံးရှုံးရတဲ့အရေးဟာ

ရွေးကောက်ပွဲမှာ ၊ စတော့ဈေးကွက်မှာ ရှုံးသလိုတော့ မဟုတ်ပါဘူး

(၃)

လူကြီးမင်းတို့ အိုဇုံးလွှာအပေါက်ကိုဘယ်လိုဖာရမယ်မှန်း

ရေသေချောင်းထဲကို ဆယ်လမွန်ငါးတွေပြန်ဝင်လာအောင်

မျိုးတုံးသွားတဲ့ တိရစ္ဆာန်တွေ ပြန်ရှင်လာအောင်

ယခင်ကသစ်တော အခုသဲကန္တာရတွေနေရာမှာ ယခင်လိုသစ်တောတွေပြန်ဖြစ်လာအောင်

ဘယ်လိုလုပ်ရမယ်မှန်း မသိပါဘူး

လူကြီးမင်းတို့ အဲဒါတွေကိုမသိဘူးဆိုရင် ကျေးဇူးပြုပြီး အဲဒါတွေကိုမဖျက်ဆီးပါနဲ့

ခုဆို အိုဇုံးလွှာအပေါက်ကြောင့် ကျွန်မအပြင်မထွက်ရဲပါဘူး

လေထဲမှာဘာဓာတ်သတ္ထုတွေပါနေမှန်းမသိလို့ လေကိုလည်း၀၀မရှူရဲတော့ပါဘူး

လွန်ခဲ့တဲ့နှစ်တစ်နှစ်မှာ ကင်ဆာနာတွေအပြည့်နဲ့ ငါးကိုတွေ့ခဲ့ရပါပြီ

နေ့စဉ်နဲ့အမျှ ကမ္ဘာမြေပေါ်မှာ သတ္တ၀ါတချို့ မျိုးတုံးလုဖြစ်နေပြီဆိုတာ

တောရိုင်း တိရစ္ဆာန်တွေပြည့်နေတဲ့တောကြီးတွေ

ငှက်နဲ့ လိပ်ပြာလေးတွေ ပျော်မြူးနေတဲ့ မိုးရေတောတွေကို

ကျွန်မရဲ့သားသမီးမျိုးဆက်အချိန်ထိ ရှိနိုင်ပါဦးမလား

ခုအသက်အရွယ်မှာ ကျွန်မပူပန်သလို လူကြီးမင်းတို့ ပူပန်ခဲ့ကြဖူးပါရဲ့လား

ဒါတွေအားလုံး မျက်စိရှေ့မှာတင်

အဖြေကိုသိနေပြီး အချိန်တွေရှိနေသေးသလိုလို ဘာဆိုဘာမှ

ကျွန်မက ကလေးပါ ပြသနာတွေအတွက်အဖြေမရှိပါဘူး

(၄)

လူကြီးမင်းတို့ဟာ

အစိုးရအဖွဲ့ဝင်၊ စီးပွားရေးသမား ၊ သတင်းသမား

စည်းရုံးရေးသမား ၊ နိုင်ငံရေးသမားတွေ. . .ဖြစ်ကြမှာပါ

တကယ့်တကယ်တော့ လူကြီးမင်းတို့ဟာ

အဖေ၊အမေ။အစ်ကို ၊မောင်၊ညီမ၊ဦးလေး အဒေါ်တွေပါပဲ

လူကြီးမင်းတို့ဟာ တစ်ယောက်ယောက်ရဲ့ရင်သွေး ၊ကလေးလည်းဖြစ်နေပြန်ပါတယ်

ကျွန်မတို့ဟာ လူဦးရေ ငါးဘီလီယံ

သက်ရှိမျိုးစိတ်ပေါင်း သုံးဆယ်မီလီယံတို့ စုဝေးထားတဲ့ မိသားစုကြီးရဲ့ကလေးတွေပါ

ကျွန်မဟာ ရီယိုမြို့ရဲ့ဆင်ခြေဖုံးကမွေးလာတဲ့ ကလေးဖြစ်နိုင်သလို

ဆိုမာလီကဆာလောင်နေတဲ့ကလေး

အရှေ့အလယ်ပိုင်းက စစ်ဘေးဒုက္ခသည်ကလေး

အိန္ဒိယက သူတောင်းစားကလေးလည်းဖြစ်နိုင်ပါတယ်

ကျွန်မသိတာက

တကယ်လို့ စစ်ပွဲတွေအတွက်သုံးသမျှငွေတွေကို

သဘာဝပတ်ဝန်းကျင်ပြုပြင်ထိန်းသိမ်းဖို့

ဆင်းရဲမွဲတေမှုပပျောက်ဖို့ သုံးလိုက်မယ်ဆိုရင်

ကမ္ဘာဟာ ဘယ်လောက်ပျော်စရာကောင်းမယ့်နေရာဖြစ်လာမလဲဆိုတာ

တစ်ခုတည်းသော ကမ္ဘာမှာနေပြီး တစ်ခုတည်းသောရည်ရွယ်ချက်ကို

အတူတကွကြိုးစားနိုင်တယ်ဆိုတာ

လူကြီးမင်းတို့ရဲ့ကလေး ကျွန်မတို့ဟာ

ကျွန်မတို့ကြီးပြင်းရမယ့် ကမ္ဘာမြေကြီးကို ဘာသာဆုံးဖြတ်ကြရမယ်ဆိုတာ

လူကြီးမင်းတို့ သဘောပေါက်စေချင်တာပါ

သဘောမပေါက်ကြဘူးလားရှင်

(၅)

ကျောင်းမှာ ဆရာ ၊ဆရာမတွေက

ကမ္ဘာကြီးမှာ ဘယ်လိုနေထိုင်သင့်တယ်ဆိုတာသင်ကြပါတယ်

လူကြီးတွေက ကလေးတွေကို အချင်းချင်းခိုက်ရန်မဖြစ်ဖို့

ပြသနာကိုအဖြေရှာကြဖို့ ၊တစ်ယောက်ကို တစ်ယောက်လေးစားကြဖို့

ကိုယ်ရှုပ်ထားတဲ့အမှိုက်ကိုယ်ရှင်းကြဖို့

တခြားသက်ရှိလေးတွေကို နာကျင်ဒုက္ခဖြစ်အောင်မလုပ်ဖို့

လောဘမကြီးဘဲ မျှဝေခံစားတတ်ဖို့

ခုတော့ ဘာလို့များ ကျွန်မတို့ကိုမလုပ်နဲ့လို့တားခဲ့တဲ့အလုပ်တွေကို

လူကြီးမင်းတို့လုပ်နေကြပါသလဲ

ဒီအစည်းအဝေးဘာကြောင့်တက်ရတယ်ဆိုတာ

ကိုယ်ဘာတွေလုပ်နေလဲဆိုတာ မမေ့ကြပါနဲ့

“အရာအားလုံးကောင်းသွားမှာပါ၊တို့လူကြီးတွေတတ်နိုင်သမျှ

အကောင်းဆုံးလုပ်နေပါတယ်၊ဒါဟာ ကမ္ဘာကြီးရဲ့နိဂုံးဖြစ်မသွားနိုင်သေးပါဘူး”

ပြောနိုင်ရမှာပေါ့

ခု လူကြီးမင်းတို့အဲလိုမပြောနိုင်ကြတော့ပါဘူး

ကျွန်မတို့ကလေးတွေဟာ

လူကြီးမင်းတို့ရဲ့ဦးစားပေးအဆင့်မှာတောင် ရှိမှရှိပါသေးရဲ့လား

ကျွန်မအဖေကတော့

“သမီးတို့ အပြောမလုပ်ပါနဲ့ ၊ အလုပ်သာလုပ်ပါလို့” အမြဲပြောတတ်ခဲ့ပါတယ်

လူကြီးမင်းတို့အလုပ်ကတော့

ကျွန်မတို့ကလေးတွေကို ညတွေမှာ ငိုကြွေးစေခဲ့ပါပြီ

အရွယ်ရောက်ပြီးတဲ့ လူကြီးမင်းတို့က

ကျွန်မတို့လိုကလေးတွေကို ချစ်တယ်လို့ပြောတတ်ကြပါတယ်

ကျွန်မလူကြီးမင်းတို့ကို စိန်ခေါ်လိုက်ပါရစေ

ကျေးဇူးပြုပြီး ပြောသလိုလုပ်ကြပါ။ ။

ဝန်ခံချက်။ ။ခေါင်းစဉ်မှလွဲ၍ ကျန်ကဗျာတစ်ပုဒ်လုံးကို Teen မဂ္ဂဇင်း ၂၀၁၀ ဇန်န၀ါရီလထုတ်တွင်ပါရှိသော အယ်ဒီတာ၏ ကမ္ဘာသိမိန့်ခွန်း ဆောင်းပါးမှ စာသားများဖြင့်ပြုလုပ်ထားပါသည်။

၁၉၉၂ ခုနှစ် ဘရာဇီးလ်နိုင်ငံတွင်ကျင်းပတဲ့ ကုလသမဂ္ဂပတ်ဝန်းကျင်နှင့်ဖွဲ့ဖြိုးမှုအစီအစဉ်(United Nations Conference on Environment and Development ) ရဲ့ကမ္ဘာမြေ ထိပ်သီးအစည်းအဝေး(Earth Summit) မှာ ၁၂ နှစ်အရွယ် ကနေဒါနိုင်ငံသူ ဆာဗင်းန်ဆူဇီကီး ပြောသွားခဲ့တဲ့ ငါးမိနစ်တာမိန့်ခွန်းလေးပါ။

ကမ္ဘာကြီးကို နှုတ်ဆိတ်သွားစေတဲ့ ထိုငါးမိနစ် လို့ထင်ရှားခဲ့ပြီး မိန်ခွန်းရဲ့အနှစ်သာရ၊ အစီအစဉ်ကျနမှု တစ်စုံတရာ ပျက်ယွင်းခဲ့ပါက ကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ကြောင်း။



မင်းစိုးရာ
၁၄.၂.၂၀၁၀

Comments

Popular posts from this blog

ရွာလေးတစ်ရွာ ........ ကျောင်းတွေ ပြန်ဖွင့်ကုန်ပြီ အေးမိစံ

ပျော်ပျော်နေသေခဲ မော်တော်တွေရေထဲ

အူသံ