မိုးသားတွေရဲ့ အဝေး

ကော်ဖီတစ်ခွက်၊ စီးကရက် လက်ကြားညှပ်ပြီး

မှန်တံခါးရဲ့ အပြင်ဘက်ကို ငေးနေတယ်

ငေးနေတဲ့ ရှုခင်းထဲမှာ သစ်ပင်တစ်ပင်မှ မပါဘူး

သစ်သားပွတ်လုံး ထိုင်ခုံမှာထိုင်လို့

ပြောင်လက်နေတဲ့ သစ်သားပရိဘောဂ ကျွန်းစားပွဲပေါ်မှာ

ကော်ဖီခွက်ဟာ အငွေ့ထောင်းထောင်းထ

ညဆယ့်နှစ်နာရီ တိတိကို 12:00 pm လို့ ချရေးလိုက်တယ်

တွေးနေတဲ့ အတွေးထဲမှာ

သစ်ပင်တွေ ဘယ်ရောက်သွားပြီလဲ ဆိုတာလည်း ပါချင်ပါမှာပေါ့

ဒီနေရာမှာ သကြားအစား

စကားတစ်ခွန်း နှစ်ခွန်း ထည့်မွှေလိုက်ရင် ပိုလို့ ချိုသွားမယ့်ည

ညောင်းညာလွန်း၊ ငြီးငွေ့လွန်း

အစားအသောက်ရဲ့ အရသာဟာ အပြင်ထွက် လမ်းလျောက်နေရရှာတယ်

အံ့သြဖွယ်၊ အံ့သြဖွယ်၊ အံ့သြဖွယ်

အံ့သြဖွယ် ကောင်းလောက်အောင် အံ့သြဖွယ်တွေ ထပ်နေပြီ

အံ့သြဖွယ် ကောင်းလောက်အောင် နာကျင်မှုကို မဖွဲ့ဆိုဖူးဘူးတဲ့

ခင်ဗျားပြောပြောနေတဲ့ လူလုပ်လောကကြီးမှာ

ခင်ဗျားပြောပြောနေတာ လူလုပ်စကားတွေပေါ့

အံ့သြဖွယ် ကောင်းလောက်အောင် ခံစားမှုမရှိဘူးလား

အရင်ဘဝက ကျခဲ့တဲ့မျက်ရည်ဟာ ခု ခင်ဗျားခေါင်းအုံးမှာ စိုစွတ်နေမလားဘဲ

အံ့သြဖွယ် ကောင်းလောက်အောင် အမှန်တရားကြီး မရင့်သီးလွန်းဘူးလား

အရင်ဘဝက ကြည့်ခဲ့တဲ့ မှန်ထဲမှာ

အရင်ဘဝက ခင်ဗျားမျက်နှာကို တွေ့ရမယ်

အရင်ဘဝက ရိုက်ခဲ့တဲ့ ဓာတ်ပုံထဲမှာ

အရင်ဘဝက ရှုခင်းဟာ စိမ်းလို့မှောင်လို့

သစ်ပင်ကို ခင်ဗျားခုတ်ပစ်လိုက်ပြီ။ ။


မင်းစိုးရာ

19.2.2010

Comments

Popular posts from this blog

ရွာလေးတစ်ရွာ ........ ကျောင်းတွေ ပြန်ဖွင့်ကုန်ပြီ အေးမိစံ

ပျော်ပျော်နေသေခဲ မော်တော်တွေရေထဲ

အဖျားသွေးငွေ့ငွေ့