Sunday, February 21, 2010

ဆင်းရဲသား ရနံ့ ကိုယ်တိုက် ဆပ်ပြာ

လေယာဉ်ပေါ်က ဆင်းတော့
မြို့ကြီးကို တန်းနင်းမိတယ် မဟုတ်လား
ပြီးတော့ မြို့ စွန်မြို့ဖျား
လမ်းမကျယ်ကြီးကနေ လမ်းကြိုလမ်းကြား
သွေးကြာမကြီးကနေ သွေးကြောမျှင်လေးတွေကြား
သွေးနဲ့ချွေးနဲ့ တိုးဝေ့လို့
လက်ဖက်ရည်ဆိုင် ထိုင်ရင်း
လမ်းတစ်ဖက် ဖြတ်ပြေးသွားတဲ့ တံလျှပ်တွေကို ငေးနေတယ်
မင်းနေတာ ခြောက်ထပ်တိုက်မို့
တက်ရတာခြောက်ကပ်ကပ်ပါပဲ
မြို့ရဲ့ လူနေမှုပုံစံမှာ
တဖြည်းဖြည်း ပွယောင်းလာတဲ့ LP နဲ့
တဖြည်းဖြည်း ရှုပ်ထွေးလာတဲ့ LT နဲ့
အရေပြားနဲ့ အရိုးကြား အဆီပိုတွေ များများလာတယ်
အင်္ဂတေကြမ်းခင်းနဲ့ သင်ဖြူးဖျာကြား
ဂျင်းဘောင်းဘီ အစုတ်တွေ များများလာတယ်
လျှပ်စစ်သမားမို့
ုဝါယာကြိုးတွေ ပေါက်ပြဲနေတာလည်း ကျွတ်ကျဲရာမလို
Software သမားမို့
Windows က ခဏခဏ ပြုတ်ကျ ခဏခဏ ပြန်တင်
Hardware သမားမို့
Casing တစ်ခြား Circuit တစ်ခြား Drive တစ်ခြား
ခေါင်းတစ်ခြား ကိုယ်တစ်ခြား ရုပ်တစ်ခြား နာမ်တစ်ခြား
ခဏခဏ ပြုတ်ကျနေတဲ့ စိတ်ဓာတ်ကိုလည်း
ခဏခဏ ပြန်တင်ထားတယ်
ဘောလုံးဂျာနယ်ကို အိပ်ယာခင်းလုပ်
တောင်ပံ မရှိတော့တဲ့ ငှက်လို ငုတ်တုတ် မေ့နေတယ်
ကာရာအိုကေခန်းထဲ ကျွံဝင်နေတဲ့ ခြေထောက်တစ်ဖက်ကို ပြန်ဆွဲထုတ်
သစ္စာတရားကို ခုတုံးလုပ်ဖို့ ဒစ်ဂျစ်တယ်ပစ္စည်းတွေ ထုတ်လုပ်လိုက်ပါပြီ။ ။


*Foot Note- LP (ဘာသာစကားကဗျာ)၊ LT(လက်မထပ်ဘဲအတူတကွ ပေါင်းသင်းနေထိုင်ခြင်း)



သံလမ်း(လှိုင်)ကဘော်ဒါတွေအတွက်



မင်းစိုးရာ

17.11.09

No comments:

Post a Comment