ဆုတ်ဖြဲခံရတဲ့အရိပ်

ငှက်တွေ အိပ်တန်းဆီပြန်ကြတယ်
ကျွန်တော့်ရဲ့အငေးမှာ
အဝေးကလမ်းလေး ကြမ်းတမ်းလို့
ညနေခင်းတွန့်ခေါက်မြစ်ရေထဲ
သူငယ်ချင်းတစ်ယောက်ရဲ့သတင်း
စီးဆင်းမလာနိုင်တော့ဘူး။

အချစ်ဆိုတာ
ဘုရားတက်
ဆီမီ၊ပန်း၊ရေချမ်းကပ်လှူပြီး
မပြည့်သောဆုတွေတောင်းယူရသလိုမျိုး
သူငယ်ချင်းရေ. . .
ဘာသံမှမကြားရဘဲ မင်းလည်းပြိုကျခဲ့ရတယ်။

ငါတို့ဘဝတွေကလူငယ်
သီချင်းတစ်ပုဒ်ကို ကျိန်စာသင့်သလိုချစ်တတ်တယ်
စူးစမ်းသင်ယူတတ်တယ်
သိမ်မွေ့ခံစားတတ်တယ်
ငြင်းဆန်ပေါက်ကွဲတတ်တယ်
ပြီးတော့ ကျိန်းသေ အသဲကွဲတတ်တယ်။

လက်ဖက်ရည်ဆိုင်တွေမှာ ငါတို့ပြောခဲ့တဲ့အကြောင်းအရာတွေက
"အချစ်" တဲ့
ဘယ်မြစ်ကိုမဆို ရေစီးသန်စေတယ်
ဒီတစ်နှစ်လုံးမှာ အတွင်ကျယ်ဆုံးစကားက
"မိုးခါးရေ" ၊
မီးလောင်နေတဲ့ နှလုံးသားပေါ်
အနမ်းနဲ့တက်ရမယ်ဆိုတဲ့
မာယာကော့(ဖ)စကီးရဲ့" ဘောင်းဘီဝတ် မိုးတိမ်"
ငါတို့အိမ်ပြန်ချိန်တွေအပေါ် ရွာချခဲ့ပုံဟာ
မှတ်သားဖွယ်ရာ မိုးရေချိန်ပေါ့။

အခုတော့ မင်းမရှိတဲ့စကားဝိုင်းမှာ
မင်းအကြောင်းခေါင်းစဉ်တစ်ခုနဲ့
ငါတို့အပြုံးတွေဆို့နင့်
မင်းချစ်သူရဲ့အပါးကနေ
မင်းရိပ်ဟာ ထွက်ခွာရချေပေါ့
တိတ်တဆိတ်. . .
မင်းလွယ်အိတ်ထဲမေ့ကျန်ခဲ့တဲ့ ကဗျာကတော့
မင်းတစ်ဘဝစာဖြစ်ခဲ့ရပြီ။ ။

သူငယ်ချင်း ကိုရဲ(ရဲလွင်ဝင်း)သို့

မင်းစိုးရာ
2003
စတိုင်သစ်မဂ္ဂဇင်း၊ဖေဖော်ဝါရီ၊၂၀၁၀။

Comments

  1. နို့ စိမ်းမပါတဲ့ သံယောဇဉ် များ ... ။

    လက်ဖက်ရည်ဆိုင်၊ လူငယ်ဖေါ်မြူလာ၊ ဂျင်းဘောင်းဘီ အကြပ်ဝတ်တတ်သော သစ်ရွက်ခြောက်များ ။

    လူငယ်တွေ မှာ အသည်းကွဲယဉ်ကျေးမှုထွန်းကားတာပေါ့ အစ်ကိုရေ .. ။

    လေးစားအားပေးလျက်
    ချစ်ခြင်းအားဖြင့်-နေ့ သစ်

    ReplyDelete

Post a Comment

Popular posts from this blog

ရွာလေးတစ်ရွာ ........ ကျောင်းတွေ ပြန်ဖွင့်ကုန်ပြီ အေးမိစံ

ပျော်ပျော်နေသေခဲ မော်တော်တွေရေထဲ

အူသံ