Sunday, February 21, 2010

ဆင်းရဲသား ရနံ့ ကိုယ်တိုက် ဆပ်ပြာ

လေယာဉ်ပေါ်က ဆင်းတော့
မြို့ကြီးကို တန်းနင်းမိတယ် မဟုတ်လား
ပြီးတော့ မြို့ စွန်မြို့ဖျား
လမ်းမကျယ်ကြီးကနေ လမ်းကြိုလမ်းကြား
သွေးကြာမကြီးကနေ သွေးကြောမျှင်လေးတွေကြား
သွေးနဲ့ချွေးနဲ့ တိုးဝေ့လို့
လက်ဖက်ရည်ဆိုင် ထိုင်ရင်း
လမ်းတစ်ဖက် ဖြတ်ပြေးသွားတဲ့ တံလျှပ်တွေကို ငေးနေတယ်
မင်းနေတာ ခြောက်ထပ်တိုက်မို့
တက်ရတာခြောက်ကပ်ကပ်ပါပဲ
မြို့ရဲ့ လူနေမှုပုံစံမှာ
တဖြည်းဖြည်း ပွယောင်းလာတဲ့ LP နဲ့
တဖြည်းဖြည်း ရှုပ်ထွေးလာတဲ့ LT နဲ့
အရေပြားနဲ့ အရိုးကြား အဆီပိုတွေ များများလာတယ်
အင်္ဂတေကြမ်းခင်းနဲ့ သင်ဖြူးဖျာကြား
ဂျင်းဘောင်းဘီ အစုတ်တွေ များများလာတယ်
လျှပ်စစ်သမားမို့
ုဝါယာကြိုးတွေ ပေါက်ပြဲနေတာလည်း ကျွတ်ကျဲရာမလို
Software သမားမို့
Windows က ခဏခဏ ပြုတ်ကျ ခဏခဏ ပြန်တင်
Hardware သမားမို့
Casing တစ်ခြား Circuit တစ်ခြား Drive တစ်ခြား
ခေါင်းတစ်ခြား ကိုယ်တစ်ခြား ရုပ်တစ်ခြား နာမ်တစ်ခြား
ခဏခဏ ပြုတ်ကျနေတဲ့ စိတ်ဓာတ်ကိုလည်း
ခဏခဏ ပြန်တင်ထားတယ်
ဘောလုံးဂျာနယ်ကို အိပ်ယာခင်းလုပ်
တောင်ပံ မရှိတော့တဲ့ ငှက်လို ငုတ်တုတ် မေ့နေတယ်
ကာရာအိုကေခန်းထဲ ကျွံဝင်နေတဲ့ ခြေထောက်တစ်ဖက်ကို ပြန်ဆွဲထုတ်
သစ္စာတရားကို ခုတုံးလုပ်ဖို့ ဒစ်ဂျစ်တယ်ပစ္စည်းတွေ ထုတ်လုပ်လိုက်ပါပြီ။ ။


*Foot Note- LP (ဘာသာစကားကဗျာ)၊ LT(လက်မထပ်ဘဲအတူတကွ ပေါင်းသင်းနေထိုင်ခြင်း)



သံလမ်း(လှိုင်)ကဘော်ဒါတွေအတွက်



မင်းစိုးရာ

17.11.09

Friday, February 19, 2010

မိုးသားတွေရဲ့ အဝေး

ကော်ဖီတစ်ခွက်၊ စီးကရက် လက်ကြားညှပ်ပြီး

မှန်တံခါးရဲ့ အပြင်ဘက်ကို ငေးနေတယ်

ငေးနေတဲ့ ရှုခင်းထဲမှာ သစ်ပင်တစ်ပင်မှ မပါဘူး

သစ်သားပွတ်လုံး ထိုင်ခုံမှာထိုင်လို့

ပြောင်လက်နေတဲ့ သစ်သားပရိဘောဂ ကျွန်းစားပွဲပေါ်မှာ

ကော်ဖီခွက်ဟာ အငွေ့ထောင်းထောင်းထ

ညဆယ့်နှစ်နာရီ တိတိကို 12:00 pm လို့ ချရေးလိုက်တယ်

တွေးနေတဲ့ အတွေးထဲမှာ

သစ်ပင်တွေ ဘယ်ရောက်သွားပြီလဲ ဆိုတာလည်း ပါချင်ပါမှာပေါ့

ဒီနေရာမှာ သကြားအစား

စကားတစ်ခွန်း နှစ်ခွန်း ထည့်မွှေလိုက်ရင် ပိုလို့ ချိုသွားမယ့်ည

ညောင်းညာလွန်း၊ ငြီးငွေ့လွန်း

အစားအသောက်ရဲ့ အရသာဟာ အပြင်ထွက် လမ်းလျောက်နေရရှာတယ်

အံ့သြဖွယ်၊ အံ့သြဖွယ်၊ အံ့သြဖွယ်

အံ့သြဖွယ် ကောင်းလောက်အောင် အံ့သြဖွယ်တွေ ထပ်နေပြီ

အံ့သြဖွယ် ကောင်းလောက်အောင် နာကျင်မှုကို မဖွဲ့ဆိုဖူးဘူးတဲ့

ခင်ဗျားပြောပြောနေတဲ့ လူလုပ်လောကကြီးမှာ

ခင်ဗျားပြောပြောနေတာ လူလုပ်စကားတွေပေါ့

အံ့သြဖွယ် ကောင်းလောက်အောင် ခံစားမှုမရှိဘူးလား

အရင်ဘဝက ကျခဲ့တဲ့မျက်ရည်ဟာ ခု ခင်ဗျားခေါင်းအုံးမှာ စိုစွတ်နေမလားဘဲ

အံ့သြဖွယ် ကောင်းလောက်အောင် အမှန်တရားကြီး မရင့်သီးလွန်းဘူးလား

အရင်ဘဝက ကြည့်ခဲ့တဲ့ မှန်ထဲမှာ

အရင်ဘဝက ခင်ဗျားမျက်နှာကို တွေ့ရမယ်

အရင်ဘဝက ရိုက်ခဲ့တဲ့ ဓာတ်ပုံထဲမှာ

အရင်ဘဝက ရှုခင်းဟာ စိမ်းလို့မှောင်လို့

သစ်ပင်ကို ခင်ဗျားခုတ်ပစ်လိုက်ပြီ။ ။


မင်းစိုးရာ

19.2.2010

Wednesday, February 17, 2010

ချမ်းသာတဲ့ ကလေးလေး

(၁)

“ ငါချမ်းသာချင်တယ်၊ငါသာချမ်းသာရင် လမ်းပေါ်က ကလေးတွေကို

နေစရာ၊ စားစရာ၊၀တ်စရာ၊ဆေး၊မေတ္တာနဲ့ အကြင်နာတွေပေးမှာ”

ကျွန်မ မရပ်မနားတွေးနေတယ်

ဘာမှမပိုင်ဆိုင်တဲ့ လမ်းပေါ်ကကလေးကတောင် သူပိုင်သမျှကိုမျှဝေပေးချင်တဲ့စိတ်ရှိသေးရင်

အားလုံးကိုပိုင်ဆိုင်ထားတဲ့ ကျွန်မတို့က ဘာလို့များဒီလောက်လောဘကြီးနေကြဦးမှာလဲ

နာရီ၊စက်ဘီး၊တီဗွီ၊ကွန်ပျူတာ

ကနေဒါမှာ ကျွန်မတို့ဟာ စားဝတ်နေရေး ဖူလုံကြွယ်ဝတဲ့ဘဝ

လွန်ခဲ့တဲ့နှစ်ရက်က ဘရာဇီးလ်လမ်းပေါ်က ကလေးတွေနဲ့ အချိန်ပေးပြီးတွေ့ဖြစ်ခဲ့တယ်

ဝယ်လိုက်လွှင့်ပစ်လိုက်၊ ၀ယ်လိုက်လွှင့်ပစ်လိုက်

ကျွန်မတို့နိုင်ငံမှာ ကျွန်မတို့ဟာ ဖြုန်းတီးနေပါတယ်

မြောက်ဖျားတိုင်းပြည်တွေက လိုအပ်နေသူတွေနဲ့မျှဝေသုံးစွဲတာမျိုး

လိုတာထက်ပိုလျှံနေသည့်တိုင်အောင်

ကိုယ့်ချမ်းသာသမျှထဲက ဖဲ့ပေးလိုက်ဖို့ကို တွန့်ဆုတ်နေကြပါသေးတယ်

ကျွန်မကဒေါသတွေနဲ့ ကန်းမနေပါဘူး ၊ သောကတွေကလည်း ခံစားချက်အမှန်အတိုင်း

ကမ္ဘာကိုထုတ်မပြောဖို့ မတားဆီးနိုင်ပါဘူး

(၂)

ကိုယ့်စရိတ်ကိုယ်ရှာ ကနေဒါကနေ ရီယိုမြို့တော်အထိ မိုင်ခြောက်ထောင်ခရီး

သင်လူကြီးမင်းတို့ရဲ့ အပြုအမူ ၊ အကျင့်အကြံတွေကို

ပြောင်းလဲရမယ်ဆိုတာ ပြောပြဖို့လာခဲ့တာပါ

အနာဂတ်မျိုးဆက်တွေအတွက်

ကမ္ဘာပေါ်က ငိုကြွေးနေပေမယ့်

သူတို့ငိုသံကို ဘယ်သူကမှ မကြားကြတဲ့ကလေးတွေအားလုံးအတွက်

ကမ္ဘာပေါ်မှာ သွားစရာနေရာရယ်လို့ မရှိတော့တဲ့ တိရစ္ဆာန်တွေကို ကိုယ်စားပြုဖို့အတွက်

ကျွန်မဒီနေရာကို စကားလာပြောတာပါ

ကျွန်မက ကျွန်မအနာဂတ်ကိုတိုက်နေရတာ

အနာဂတ်ကိုဆုံးရှုံးရတဲ့အရေးဟာ

ရွေးကောက်ပွဲမှာ ၊ စတော့ဈေးကွက်မှာ ရှုံးသလိုတော့ မဟုတ်ပါဘူး

(၃)

လူကြီးမင်းတို့ အိုဇုံးလွှာအပေါက်ကိုဘယ်လိုဖာရမယ်မှန်း

ရေသေချောင်းထဲကို ဆယ်လမွန်ငါးတွေပြန်ဝင်လာအောင်

မျိုးတုံးသွားတဲ့ တိရစ္ဆာန်တွေ ပြန်ရှင်လာအောင်

ယခင်ကသစ်တော အခုသဲကန္တာရတွေနေရာမှာ ယခင်လိုသစ်တောတွေပြန်ဖြစ်လာအောင်

ဘယ်လိုလုပ်ရမယ်မှန်း မသိပါဘူး

လူကြီးမင်းတို့ အဲဒါတွေကိုမသိဘူးဆိုရင် ကျေးဇူးပြုပြီး အဲဒါတွေကိုမဖျက်ဆီးပါနဲ့

ခုဆို အိုဇုံးလွှာအပေါက်ကြောင့် ကျွန်မအပြင်မထွက်ရဲပါဘူး

လေထဲမှာဘာဓာတ်သတ္ထုတွေပါနေမှန်းမသိလို့ လေကိုလည်း၀၀မရှူရဲတော့ပါဘူး

လွန်ခဲ့တဲ့နှစ်တစ်နှစ်မှာ ကင်ဆာနာတွေအပြည့်နဲ့ ငါးကိုတွေ့ခဲ့ရပါပြီ

နေ့စဉ်နဲ့အမျှ ကမ္ဘာမြေပေါ်မှာ သတ္တ၀ါတချို့ မျိုးတုံးလုဖြစ်နေပြီဆိုတာ

တောရိုင်း တိရစ္ဆာန်တွေပြည့်နေတဲ့တောကြီးတွေ

ငှက်နဲ့ လိပ်ပြာလေးတွေ ပျော်မြူးနေတဲ့ မိုးရေတောတွေကို

ကျွန်မရဲ့သားသမီးမျိုးဆက်အချိန်ထိ ရှိနိုင်ပါဦးမလား

ခုအသက်အရွယ်မှာ ကျွန်မပူပန်သလို လူကြီးမင်းတို့ ပူပန်ခဲ့ကြဖူးပါရဲ့လား

ဒါတွေအားလုံး မျက်စိရှေ့မှာတင်

အဖြေကိုသိနေပြီး အချိန်တွေရှိနေသေးသလိုလို ဘာဆိုဘာမှ

ကျွန်မက ကလေးပါ ပြသနာတွေအတွက်အဖြေမရှိပါဘူး

(၄)

လူကြီးမင်းတို့ဟာ

အစိုးရအဖွဲ့ဝင်၊ စီးပွားရေးသမား ၊ သတင်းသမား

စည်းရုံးရေးသမား ၊ နိုင်ငံရေးသမားတွေ. . .ဖြစ်ကြမှာပါ

တကယ့်တကယ်တော့ လူကြီးမင်းတို့ဟာ

အဖေ၊အမေ။အစ်ကို ၊မောင်၊ညီမ၊ဦးလေး အဒေါ်တွေပါပဲ

လူကြီးမင်းတို့ဟာ တစ်ယောက်ယောက်ရဲ့ရင်သွေး ၊ကလေးလည်းဖြစ်နေပြန်ပါတယ်

ကျွန်မတို့ဟာ လူဦးရေ ငါးဘီလီယံ

သက်ရှိမျိုးစိတ်ပေါင်း သုံးဆယ်မီလီယံတို့ စုဝေးထားတဲ့ မိသားစုကြီးရဲ့ကလေးတွေပါ

ကျွန်မဟာ ရီယိုမြို့ရဲ့ဆင်ခြေဖုံးကမွေးလာတဲ့ ကလေးဖြစ်နိုင်သလို

ဆိုမာလီကဆာလောင်နေတဲ့ကလေး

အရှေ့အလယ်ပိုင်းက စစ်ဘေးဒုက္ခသည်ကလေး

အိန္ဒိယက သူတောင်းစားကလေးလည်းဖြစ်နိုင်ပါတယ်

ကျွန်မသိတာက

တကယ်လို့ စစ်ပွဲတွေအတွက်သုံးသမျှငွေတွေကို

သဘာဝပတ်ဝန်းကျင်ပြုပြင်ထိန်းသိမ်းဖို့

ဆင်းရဲမွဲတေမှုပပျောက်ဖို့ သုံးလိုက်မယ်ဆိုရင်

ကမ္ဘာဟာ ဘယ်လောက်ပျော်စရာကောင်းမယ့်နေရာဖြစ်လာမလဲဆိုတာ

တစ်ခုတည်းသော ကမ္ဘာမှာနေပြီး တစ်ခုတည်းသောရည်ရွယ်ချက်ကို

အတူတကွကြိုးစားနိုင်တယ်ဆိုတာ

လူကြီးမင်းတို့ရဲ့ကလေး ကျွန်မတို့ဟာ

ကျွန်မတို့ကြီးပြင်းရမယ့် ကမ္ဘာမြေကြီးကို ဘာသာဆုံးဖြတ်ကြရမယ်ဆိုတာ

လူကြီးမင်းတို့ သဘောပေါက်စေချင်တာပါ

သဘောမပေါက်ကြဘူးလားရှင်

(၅)

ကျောင်းမှာ ဆရာ ၊ဆရာမတွေက

ကမ္ဘာကြီးမှာ ဘယ်လိုနေထိုင်သင့်တယ်ဆိုတာသင်ကြပါတယ်

လူကြီးတွေက ကလေးတွေကို အချင်းချင်းခိုက်ရန်မဖြစ်ဖို့

ပြသနာကိုအဖြေရှာကြဖို့ ၊တစ်ယောက်ကို တစ်ယောက်လေးစားကြဖို့

ကိုယ်ရှုပ်ထားတဲ့အမှိုက်ကိုယ်ရှင်းကြဖို့

တခြားသက်ရှိလေးတွေကို နာကျင်ဒုက္ခဖြစ်အောင်မလုပ်ဖို့

လောဘမကြီးဘဲ မျှဝေခံစားတတ်ဖို့

ခုတော့ ဘာလို့များ ကျွန်မတို့ကိုမလုပ်နဲ့လို့တားခဲ့တဲ့အလုပ်တွေကို

လူကြီးမင်းတို့လုပ်နေကြပါသလဲ

ဒီအစည်းအဝေးဘာကြောင့်တက်ရတယ်ဆိုတာ

ကိုယ်ဘာတွေလုပ်နေလဲဆိုတာ မမေ့ကြပါနဲ့

“အရာအားလုံးကောင်းသွားမှာပါ၊တို့လူကြီးတွေတတ်နိုင်သမျှ

အကောင်းဆုံးလုပ်နေပါတယ်၊ဒါဟာ ကမ္ဘာကြီးရဲ့နိဂုံးဖြစ်မသွားနိုင်သေးပါဘူး”

ပြောနိုင်ရမှာပေါ့

ခု လူကြီးမင်းတို့အဲလိုမပြောနိုင်ကြတော့ပါဘူး

ကျွန်မတို့ကလေးတွေဟာ

လူကြီးမင်းတို့ရဲ့ဦးစားပေးအဆင့်မှာတောင် ရှိမှရှိပါသေးရဲ့လား

ကျွန်မအဖေကတော့

“သမီးတို့ အပြောမလုပ်ပါနဲ့ ၊ အလုပ်သာလုပ်ပါလို့” အမြဲပြောတတ်ခဲ့ပါတယ်

လူကြီးမင်းတို့အလုပ်ကတော့

ကျွန်မတို့ကလေးတွေကို ညတွေမှာ ငိုကြွေးစေခဲ့ပါပြီ

အရွယ်ရောက်ပြီးတဲ့ လူကြီးမင်းတို့က

ကျွန်မတို့လိုကလေးတွေကို ချစ်တယ်လို့ပြောတတ်ကြပါတယ်

ကျွန်မလူကြီးမင်းတို့ကို စိန်ခေါ်လိုက်ပါရစေ

ကျေးဇူးပြုပြီး ပြောသလိုလုပ်ကြပါ။ ။

ဝန်ခံချက်။ ။ခေါင်းစဉ်မှလွဲ၍ ကျန်ကဗျာတစ်ပုဒ်လုံးကို Teen မဂ္ဂဇင်း ၂၀၁၀ ဇန်န၀ါရီလထုတ်တွင်ပါရှိသော အယ်ဒီတာ၏ ကမ္ဘာသိမိန့်ခွန်း ဆောင်းပါးမှ စာသားများဖြင့်ပြုလုပ်ထားပါသည်။

၁၉၉၂ ခုနှစ် ဘရာဇီးလ်နိုင်ငံတွင်ကျင်းပတဲ့ ကုလသမဂ္ဂပတ်ဝန်းကျင်နှင့်ဖွဲ့ဖြိုးမှုအစီအစဉ်(United Nations Conference on Environment and Development ) ရဲ့ကမ္ဘာမြေ ထိပ်သီးအစည်းအဝေး(Earth Summit) မှာ ၁၂ နှစ်အရွယ် ကနေဒါနိုင်ငံသူ ဆာဗင်းန်ဆူဇီကီး ပြောသွားခဲ့တဲ့ ငါးမိနစ်တာမိန့်ခွန်းလေးပါ။

ကမ္ဘာကြီးကို နှုတ်ဆိတ်သွားစေတဲ့ ထိုငါးမိနစ် လို့ထင်ရှားခဲ့ပြီး မိန်ခွန်းရဲ့အနှစ်သာရ၊ အစီအစဉ်ကျနမှု တစ်စုံတရာ ပျက်ယွင်းခဲ့ပါက ကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ကြောင်း။



မင်းစိုးရာ
၁၄.၂.၂၀၁၀

Sunday, February 14, 2010

ပျင်းနေပြီမဟုတ်လား

စောင့်မျှော်နေတဲ့ နေကြာတွေ ပျင်းနေပြီ မဟုတ်လား
ပျောက်နေတဲ့ အပိုင်းအစတွေ မလိုအပ်ရင် ရောက်ရောက်လာပြီး လိုအပ်ရင် ပျောက်မြဲပျောက်လို့
အရေးတကြီး တိုက်ဆိုင် စစ်ဆေးမှုမှန်သမျှ လွဲမှား ကွာခြားချက်တွေ
မပြောဖြစ်တော့သော စကားများလို ရောဂါဘယတွေ၊ မမေးဖြစ်တော့သောမေးခွန်းများလို မွတ်သိပ်မှုတွေ
ပျင်းနေပြီမဟုတ်လား သေနေတဲ့ပုံစံအတိုင်း စောင့်နေတယ်လေ. . .ရောက်မလာတာတွေကို
ကိုယ့်ကိုယ်ကိုယ် အရိုးစုဆိုတာ မမေ့အောင် ခဏခဏ ဓာတ်မှန်ရိုက်ကြည့်နေတယ်
ရိုးသားရတာကို ငြီးငွေ့သွားပြီလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေတယ်
ပင်မရေစီးကို ငြီးငွေ့သွားပြီလား၊အဖြူအမဲ တီဗွီလေးကို ငြီးငွေ့သွားပြီလား၊ရည်မှန်းချက်တွေကို၊ပျော်စရာတွေကို၊
လိမ္မာယဉ်ကျေး ချိုသားအေးကို၊ ဘီယာနဲ့အရက်ကို ၊ နေ့စဉ်ဘဝကို၊သူကလွဲတဲ့ဖွဲဆန်ကွဲကို၊ချောင်ပိတ်ရိုက်တဲ့မေးခွန်းတွေကို၊
ကောင်းကျိုးမပေးတဲ့ကောင်မကို၊အိပ်ယာစောစောထရတာကို၊ပတ်ဝန်းကျင်ကို၊အသက်ရှင်နေရတာကို ငြီးငွေ့သွားပြီလား
တစ်နေ့လုံးစားလို့မရ သွားလို့မရ ဘာများဖြစ်နေပြီလဲ ဘယ်များရောက်နေပြီလဲ မျှော်နေရတဲ့စိုးရိမ်စိတ်ကြီး ငြီးငွေ့သွားပြီလား
ရောက်တဲ့အရပ်ကဖုန်းဆက်လိုက်ပါလား မင်းမျက်ရည်တွေ. . .၊ပျော်အောင်နေ အရင်ကညနေခင်းတွေလည်း ခုပျော်ကျနေပြီ
ပျင်းနေပြီမဟုတ်လား ဒီလိုတီတီတာတာကနေ တဝါးဝါးသမ်းဝေ ငါ့ပခုံးပေါ်မင်းပါးလေးလာမှီတဲ့အခါ ငါ့မှာသွေးနဲ့သားနဲ့
သွေးသားရဲ့အငြိမ်းဆုံးတရားလို့ အေးအေးလူလူ အေးအေးဆေးဆေး ကော်ဖီခွက်ရှေ့ကမင်းအပြုံးလေးငေးရင်း အိပ်ပျော်သွားချင်တယ်. . .
ဒီလိုငါကချော့မော့တော့ မျက်ရည်တွေကြားထဲကအပူမီးကို ငါတို့အလောတကြီးကူးခတ်
ကတိတွေအထပ်ထပ်နဲ့ပါကွယ် . . .ပြန်လာခဲ့မယ် မင်းပျင်းနေတဲ့အချိန် တိမ်တွေလိုငါပြန်လာမယ်
ငါတို့နှစ်ယောက်ကြားက ဖြူစင်မှုလေးကိုတော့ မင်းတစ်ယောက်တည်းအတွက်သိမ်းထားပါ့မယ်။
တောစပ်မှာမိုက်ရူးရဲလေပွေ နွေလယ်ဆိုရောက်ရောက်လာ နေကြာပန်းတွေလည်းအနေကြာခဲ့ပါပြီ။သစ်ရွက်ကြွေကိုဖွဲ့နွဲ့ဖို့
စကားလုံးတွေ နိမိတ်ပုံတွေ အသံသွားအသံလာတွေ၊ အသွားအလာများလှတဲ့ရန်ကုန်မြို့ကြီးဟာလည်း တဒီးဒီးညောင်းညာ
ဘီယာဆိုင်မှာဖန်ခွက်ချင်းတိုက်သလို ငါတို့မျှော်လင့်ချင်တွေအသံထွက်ရဲ့လား။
မောက်စ်ပေါ်မင်းလက်ချောင်းလေးတွေ တကလစ်ကလစ် ၊ကီးဘုတ်ပေါ်မင်းလက်ချောင်းလေးတွေ တဂျောက်ဂျောက်
နည်းပညာတောက်နေတဲ့ ကမ္ဘာ ချစ်ဖြင်းမေတ္တာဆိုတာ ဖုန်မှုန့်လေးနောက်မှာကွယ်နေရတဲ့ငှက်ပျောရွက်ဖါးဖါးကြီးပေါ့
ကိန်းဂဏန်းတွေရဲ့ ကိန်ကြီးခန်းကြီးတွေကလည်း သွားလေရာ Laptop အိတ်ကြီးလွယ်ရသလိုလေးလို့ ၊ ပျင်းနေပြီမဟုတ်လား
2012 ရုပ်ရှင်ကားနဲ့ ကမ္ဘာကြီးကိုတိုက်ချလည်း ငယ်ငယ်ကဖတ်ခဲ့ရတဲ့ရုပ်ပြဇာတ်လမ်းတွေလောက်ပါပဲလို့
စတီရီယိုခေတ်ဦးတီးလုံးလေး အတွေးနဲ့အိမ်ပြန်လာခဲ့တယ်
ပျင်းနေပြီမဟုတ်လား လက်. . .ကိုင်. . .ဖုန်း. . .များ. . .မြို့ထဲဝင်လာပါပြီ။ ။


မင်းစိုးရာ

21.1.2010

(2009 ဆောင်းလယ်လောက်က ပုသိမ်ပြန်ရင်း လမ်းမှာဒီကဗျာနဲ့ပတ်သက်တဲ့အတွေးစရခဲ့တယ်
ပြီးတော့ ခေါင်းစဉ်ရယ် စာသားအပိုင်းအစတွေရယ်ရထားခဲ့တယ် ဒါပေမယ့်အဲဒီတစ်နှစ်လုံးအဆုံးမသတ်နိုင်ခဲ့ဘူး
ခုဆောင်းလယ်လောက်မှာ ပုသိမ်ပြန်ရင်းဒီကဗျာကိုပြန်ဆက်ကြည့်တယ် မနေ့ကတော့လက်စသတ်နိုင်ခဲ့တယ်
ဒါပေမယ့်အရင် ချထားတဲ့ လက်စအတိုင်းမဟုတ်ဘဲရွေ့သွားတာရေးပြီးမှတွေ့ရတယ် ကျွန်တော့်အတွက်တော့ ကြာမြင့်ခဲ့တဲ့ကြားကာလကို
ကျေဇူးတင်ရမလား အပြစ်တင်ရမလားပဲ
ဖတ်ပေးတဲ့ သူငယ်ချင်းတွေကိုတော့ ကျေးဇူးပါပဲ )