Wednesday, March 24, 2010

အနီတစ်ခြမ်း အနက်တစ်ခြမ်း/ တစ်ခြမ်းအနီ တစ်ခြမ်းအနက်

ပြည်လမ်းပေါ် တိုးနေတဲ့သွေးနဲ့ဖိနင်းပစ်ခဲ့တယ်
ယဉ်ကျေးဖို့ခွင့်ပြုမထားတဲ့ လူ့အဖွဲ့အစည်းမှာ သေအောင်အတာလည်းငါ
ဒီမှာ ဒီမှာ ၊ ဒီလို ဒီလိုနဲ့ သွေးအေးခဲ့ပြီ အရူးစိတ်တစ်ဝက်နဲ့လမ်းဖြတ်ကူးခဲ့ပြီ
ကွေ့ဝင်သွားတဲ့အချိုးအကွေ့မှာ အခိုးအငွေ့လိုလွတ်မြောက်ဖို့ ညဉ်းတွားနေတဲ့သူငယ်ချင်းကို တောက်ထုတ်မိမယ်
ပါဒတွေရှည် ၊ ဘဝတွေရှည် ၊ သံသရာကလည်းအပြန်တစ်ရာမကဘဲရှည်
ရချင်နေတဲ့အရသာဆိုတာ ဘယ်သူရခဲ့ဖူးတဲ့အရသာလဲ
စာသားကလျှာယားစရာကောင်းလွန်းလို့ စာသားကိုလျှာဖျားနဲ့တောင်မတို့ရဲ
အခု တစ်ခုခုဖြစ်နေပြီ အခုတစ်ခုခုတော့ ခုနေပြန်ပြီ
ပြင်ထား ဖျက်ထား စီထားတာတွေနဲ့ဆက်ကြည့်တယ် ဟိုးတုန်းကလား မနေ့ကလား မနက်ဖြန်ကလား လာနေတာ
တစ်နေ့ပြီးတစ်နေ့ ရွေ့ ရွေ့ နေတာလည်း တစ်နေ့ပြီးတစ်နေ့ ရွှေ့ ရွှေ့ နေလို့ပါပဲ
ပိုက်ဆံမရှိလို့လား ရည်းစားနဲ့အဆက်အသွယ်မရလို့လား အိမ်လွမ်းလို့လား အလုပ်မှာအဆင်မပြေလို့လား ဒါမှမဟုတ်လား
ရောက်ရောက်နေတာ သစ်ရွက်ခြောက်လေး
လွင့်နေအောင် လွှင့်ထားတယ် ထီးထီးကြီးကျန်လို့ တစ်ယောက်တည်းမနက်ဖြန် တစ်ယောက်တည်းဒီနေ့ တစ်ယောက်တည်းမနေ့က
အိပ်မရပြုမရည ငယ်ငယ်ကလွယ်လွယ်တွေးခဲ့တာတွေလည်းခုလေးလေးတွဲ့တွဲ့ရယ်
မေ့ခဲ့တယ် တစ်မေ့ပြီးတစ်မေ့ ရှိတယ်ဆိုတာတွေ ရှိနေလျှက်နဲ့ ပျောက်ပျောက်သွားတဲ့အရှိတရား
သိတယ်ဆိုတာတွေ သိနေလျှက်နဲ့ လွတ်လွတ်သွားတဲ့အသိတရား
လူဆိုတာ တစ်ခုခုကိုအမြဲမျှော်နေတတ်တဲ့သတ္တဝါမျိုးလား ချန်ခဲ့ရမှာတွေ ကျန်ခဲ့ရမှာတွေ
ဒေါသအစ သံဝေဂအဆုံး ပလက်ဖောင်းဘေးလမ်းလျှောက်ရင်း ကားဘီးကြီးတွေလှလိုက်တာလို့တွေးနေတယ်
ဘာမှမရနိုင်တော့ဘူးလို့ သိနေတော့သလိုလို ဘာမှမမျှော်လင့်တော့တာလည်း ဘာရယ်မဟုတ်
ပိုးမွေးသလိုမွေးတယ် သက်ဆိုးမရှည်တဲ့ပိုးကောင်လေး။ ။


မင်းစိုးရာ
11.12.09( 5:12PM)

Sunday, March 14, 2010

သိုးမည်း

တစ်လှေလုံးပုပ်မယ့်
ငါးခုံးမလေးတစ်ကောင်
မှောင်နေတော့ ကိုယ့်အရိပ်ကိုယ်မမြင်ရဘူး
ဆံပင်တွေရှည်ပြန်ပေါ့
ဖိနပ်ပြတ်ပြန်ပေါ့
ဆွေပြမျိုးပြထဲ ငေါထွက်နေတဲ့ အစွန်းတစ်စ
ပျော်ရွှင်မှုဟာငါ့ဆီမှာနေဖို့ ပျော်ရွှင်ပုံမရဘူး
အခုစဉ်းစားနေတာ...
ခန္တာကိုယ်မှာ ဘယ်အစိတ်အပိုင်းကိုဖြတ်တောက်ပစ်လိုက်ရင်
အညံ့တွေပျောက်မလဲ
တစ်ယောက်တည်းတွန်းရွှေ့ရတဲ့
မျက်နှာမွဲမွဲ တစ်ကမ္ဘာ
ကျောက်ခဲလေးနှစ်လုံးနဲ့ မီးခတ်ကူးစက်ခဲ့ပေါ့
ဒဏ်ရာ...။ ။


မင်းစိုးရာ
ဖက်ရှင်မဂ္ဂဇင်း၊မတ်၊2010။

နာမည်ကိုရွတ်ရင်းမျက်ရည်ကျ

ဘာဖြစ်နေမှန်းမသိရတော့
ဘာမဆိုဖြစ်နိုင်မှန်း သိနေရတယ်
ခန္တာကိုယ်မှာ အစိတ်အပိုင်းတစ်ခုလိုနေသလို
ငါ့မှာလိုအပ်လို့
တဆစ်ဆစ်ကိုက်ခဲနေတဲ့ အကြောင်းအရာ
ဦးနှောက်ကို ဝေဒနာနဲ့တမြေ့မြေ့လာစားတယ်
ဟိုတွေးဒီတွေး တောင်တွေးမြောက်တွေး
ပြေးလွှားနေရတယ်
အမှောင်ဆိုတော့
ထိစမ်းမိသမျှက ကိုယ်ထင်ထားတဲ့အတိုင်းလားလို့
ယောင်မှားမိပါတယ်
မခေါ်ဘူး မပြောဘူး
တံခါးကိုဆွဲပိတ် ကိုယ့်အရိပ်ကိုယ်ချုံ့ကြည့်တော့
အိပ်ယာပေါ် ခွေခေါက်နေတာ
အလျင်စလိုပြေးထွက်သွားတာ
အ၀တ်အစားတွေ နံစော်ကြေမွနေတာ
ဆံပင်တွေကို ဆွဲဆန့်နေတာ
ရယ်နေရင်း အကြောင်းမဲ့ရပ်တန့်ငေးဝေသွားတာ
ဖုန်းကြိုးတွေဆီတွားတက်နေတာ
ကတ္တရာလမ်းကို ကျောပိုးအိတ်ထဲခေါက်ထည့်နေတာ
မြန်မြန်စား မြန်မြန်သွားပြီး မြန်မြန်ပြန်ရောက်မလာတာ
မရောက်တဲ့အရပ်ဆီ ထွက်ခွာသွားပြီး
ရောက်ရာအရပ်မှာ ရပ်တန့်နေတာ
ရပ်တန့်တိုင်းမှာ အဓိပ္ပာယ်ကင်းမဲ့လျှက်
အဓိပ္ပာယ်တိုင်းမှာ သေဆုံးသွားခဲ့ရတာ
အသက်ရှင်နေစဉ်မှာ နာမည်ကိုရွတ်ရင်း
နာမည်ကိုရွတ်ရင်း
သူ့နာမည်ကိုရွတ်ရင်းမျက်ရည်ကျ
တိတ်ဆိတ်စွာ . . .
သူ့နာမည်ကိုရွတ်ရင်းမျက်ရည်ကျ
အသက်ရှင်စဉ်မှာ ပျော်သလိုလိုရယ်မောရင်း ရယ်သလိုလိုမျက်ရည်ကျ
အလွမ်းရယ်
ချစ်ခြင်းက Fiber Optic ထဲပိတ်မိနေပြီး
အရူးကတော့ သူ့အင်ဂျင်လေးထဲ လောင်စာဆီရှိမရှိ
ဂတ်(စ်)မီးတောက်ပြာလဲ့လဲ့လေးနဲ့ညှိကြည့်လို့ ။ ။


မင်းစိုးရာ
31.3.09 ( 11:49 pm )

Thursday, March 4, 2010

ဆုတ်ဖြဲခံရတဲ့အရိပ်

ငှက်တွေ အိပ်တန်းဆီပြန်ကြတယ်
ကျွန်တော့်ရဲ့အငေးမှာ
အဝေးကလမ်းလေး ကြမ်းတမ်းလို့
ညနေခင်းတွန့်ခေါက်မြစ်ရေထဲ
သူငယ်ချင်းတစ်ယောက်ရဲ့သတင်း
စီးဆင်းမလာနိုင်တော့ဘူး။

အချစ်ဆိုတာ
ဘုရားတက်
ဆီမီ၊ပန်း၊ရေချမ်းကပ်လှူပြီး
မပြည့်သောဆုတွေတောင်းယူရသလိုမျိုး
သူငယ်ချင်းရေ. . .
ဘာသံမှမကြားရဘဲ မင်းလည်းပြိုကျခဲ့ရတယ်။

ငါတို့ဘဝတွေကလူငယ်
သီချင်းတစ်ပုဒ်ကို ကျိန်စာသင့်သလိုချစ်တတ်တယ်
စူးစမ်းသင်ယူတတ်တယ်
သိမ်မွေ့ခံစားတတ်တယ်
ငြင်းဆန်ပေါက်ကွဲတတ်တယ်
ပြီးတော့ ကျိန်းသေ အသဲကွဲတတ်တယ်။

လက်ဖက်ရည်ဆိုင်တွေမှာ ငါတို့ပြောခဲ့တဲ့အကြောင်းအရာတွေက
"အချစ်" တဲ့
ဘယ်မြစ်ကိုမဆို ရေစီးသန်စေတယ်
ဒီတစ်နှစ်လုံးမှာ အတွင်ကျယ်ဆုံးစကားက
"မိုးခါးရေ" ၊
မီးလောင်နေတဲ့ နှလုံးသားပေါ်
အနမ်းနဲ့တက်ရမယ်ဆိုတဲ့
မာယာကော့(ဖ)စကီးရဲ့" ဘောင်းဘီဝတ် မိုးတိမ်"
ငါတို့အိမ်ပြန်ချိန်တွေအပေါ် ရွာချခဲ့ပုံဟာ
မှတ်သားဖွယ်ရာ မိုးရေချိန်ပေါ့။

အခုတော့ မင်းမရှိတဲ့စကားဝိုင်းမှာ
မင်းအကြောင်းခေါင်းစဉ်တစ်ခုနဲ့
ငါတို့အပြုံးတွေဆို့နင့်
မင်းချစ်သူရဲ့အပါးကနေ
မင်းရိပ်ဟာ ထွက်ခွာရချေပေါ့
တိတ်တဆိတ်. . .
မင်းလွယ်အိတ်ထဲမေ့ကျန်ခဲ့တဲ့ ကဗျာကတော့
မင်းတစ်ဘဝစာဖြစ်ခဲ့ရပြီ။ ။

သူငယ်ချင်း ကိုရဲ(ရဲလွင်ဝင်း)သို့

မင်းစိုးရာ
2003
စတိုင်သစ်မဂ္ဂဇင်း၊ဖေဖော်ဝါရီ၊၂၀၁၀။

Wednesday, March 3, 2010

ညနေ

ရစ်ဘီးကထွက်ခွာသွားတဲ့ ကြိုးစကိုသာမြင်ရပြီး
စွန်ကိုမမြင်ရ
အမြင့်ဆုံးထိလွှတ်တင် ပြီးခါမှ
အမြင့်ဆုံးမှာပြတ်တောက်ခဲ့ရ
စက္ကူလေတံခွန်။ ။


မင်းစိုးရာ
2005