အရောင်များဆီ တိုးဝင်ကြည့်ခြင်း
(၁) စက္ကူစ ဖြူဖြူလေးတွေ ကြေမွ လွင့်စင်သွားတဲ့အခါ စိတ်ထဲ အထီးကျန်မှုဟာ အရောင်တွေအဖြစ် ၀င်ရောက်လာခဲ့တယ်။ စိမ်းညို့ အုံ့ဆိုင်းနေတဲ့ သစ်ပင်တွေနဲ့ အရိပ် ဒါမှမဟုတ် စိတ်သက်သာရာ ရစေမယ့် အရောင် တစ်ခုခုတော့ လူတစ်ယောက်ရဲ့ဘ၀မှာ အမှန်တကယ် လိုအပ်မှာပါပဲ။ စံပယ်ပန်းလေးလို ဖြူဆွတ် မွှေးပျံ့ခြင်း၊ ချစ်သူရဲ့ ပန်းသွေးနုရောင် နှုတ်ခမ်းတွေလို ချိုရီ နူးညံ့ခြင်း တစ်ခုခုပေါ့ . . .။ တိတ်ဆိတ်ခြင်းတွေဆီ စိတ်နဲ့တိုးဝင်သွားတော့ ပိန်းပိတ်အောင် ဖြူတဲ့ နှင်းရဲ့ အရောင်ကို တွေ့ရတယ်။ အမှောင်မှာ ညှိုးငယ်ဆိတ်ငြိမ်စွာ ထိုင်နေပါတယ် ဟိုးဝေးဝေးက အလင်းရောင်ရယ်. . . (၂) ငယ်ဘ၀ရဲ့မိုးတိမ်တွေ အိမ်အပြင်တွင် ညှို့နေတုန်းပင် ရှိလိမ့်မည်။ ပျိုးခင်းစိမ်းစိမ်း လယ်ကွင်းတွေ၊ တက်ရေနှင့်အတူ ၀ါဆို၊ ၀ါခေါင်မိုးကလည်း ဖွေးဖွေးလှုပ်မျှပင်။ ချမ်းလွန်းလှ အေးလွန်းလှသည်။ သို့သော် ပျော်လည်း ပျော်နေပြန်သည်။ ၀မ်းနည်းသည့် အခါလည်း ရှိတတ်ပြန်သည်။ ဘယ်အချိန် ဘယ်နေရာပဲ ရောက်နေရောက်နေ ငယ်ဘ၀ရဲ့မိုးရာသီတွေဆီ သတိရ ဆွတ်ကျင်ရသည်မှာ ဘယ်တော့မှ မကျက်တော့မယ့် ဒဏ်ရာကို ခင်တွယ် ယုယရသလို ရင်၌နင့်နင့်သည်းသည်း ဖြစ်ရသည်။ နာကြင်ဖ...